Tuesday, May 17, 2016

မြတ်စွာဘုရားက သိပ်စည်းကမ်းရှိပါတယ်

မြတ်စွာဘုရားက သိပ်စည်းကမ်းရှိပါတယ်။
      တပည့်ရဟန်းတွေကို သပ်သပ်ရပ်ရပ် နေဖို့ထိုင်ဖို့ အသေးစိပ် ဆုံးမတယ်။
     သပိတ်ကို ပြောင်စင်အောင် ဘယ်လိုဆေးရမယ်၊ ပြီးရင်  ပိုးမွှားကင်းစင်အောင်အခြောက်ခံရမယ် ၊ နေရောင်မှာ ဘယ်လိုမှောက်ပြီး အခြောက်ခံရမယ် ဆိုတာ တိတိကျကျသင်တယ် ။
     သင်္ကန်းပြဲနေရင် ချုပ်ဝတ်ရမယ်။ သင်္ကန်းအပြဲကြီးကို မချုပ်ပဲ မဝတ်ရတဲ့။
     ပတ်ဝန်းကျင်သန့်ဖို့ တံမြက်စည်းလှဲတာကို ချီးမွမ်းတော်မူတယ်။ ကိုယ်နေတဲ့နေရာဟာ ရှုပ်ပွနေရင် သန့်ရှင်းသွားအောင်လုပ်ချင်တာကို အဆင့်အန်းမြင့်တဲ့စိတ်အနေနဲ့ ကျကျနန ချီးမွမ်းတယ်။ ကိုယ့်နေရာထိုင်ခင်းမှာ အမှိုက်တွေ ဖုန်တွေ အနံ့အသက်တွေ ရှိမနေရဘူးတဲ့။
      အိမ်သာတက်ရင်တောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဆုံးမထားတယ်။ အိမ်သာထဲ မဝင်ခင် အပြင်ဘက် သန့်တဲ့နေရာမှာ အပေါ်ရုံကိုချန်ထားခဲ့ပါတဲ့။ အိမ်သာထဲက အနံ့အသက်တွေ အဝတ်ကို ကူးပြီးပါမလာတော့ဘူး။ အဝတ်မှာ အနံ့စွဲပြီး ပါမလာအောင်ပေါ့။ မတော်လို့ မသန်ပြန့်တာတွေ ထိတွေ့ပေရေလာတာမျိုးလည်း ဖြစ်တတ်လို့ မဖြစ်အောင် အပေါ်ရုံကို အပြင်မှာ ချန်ခဲ့တဲ့။
     အပေါ့အလေးစွန့်ပြီးတဲ့အခါ ရေဘယ်လိုသုံးရမယ်။ ခွက်ကိုဘယ်လိုကိုင်ရမယ်။ ပြီးရင်မှောက်ထားခဲ့ရမယ် ဆိုတာတောင် သင်တယ်။
       ရပ်ထဲရွာထဲ သွားတဲ့အခါ လည်ပင်းနဲ့လက်ကောက်ဝတ်ကို မပေါ်စေရဘူးတဲ့။ သင်္ကန်းကို လုံအောင် ရုံပြီးမှ အပြင်ထွက်ရမယ်။ သင်္ကန်းရုံတဲ့အခါ ချပ်ချပ်ရပ်ရပ် ဖြစ်အောင် လုပ်ရမယ်။ အပေါ်အောက် အတိုအရှည်က ဘယ်လိုနေရမယ် ဘယ်လိုရုံရမယ် ဆိုတာ ဆုံးမတော်မူတယ်။
    လမ်းလျှောက်ရင် ခြေထောက်ကို ဆတ်တောက်ဆတ်တောက် မလှမ်းရဘူး။ ခြေဖျားထောက်ပြီး မြောက်ကြွမြောက်ကြွ မလှမ်းရဘူး။  ခြေလှမ်းက မနှေးလွန်းမမြန်လွန်း လျှောက်ရမယ်။
      ထိုင်ရင် အခင်းလေး ခင်းထိုင်ရမယ်။ ခြေထောက်ကားပြီး မထိုင်ရ။ ခြေကားယား လက်ကားယား မထိုင်ရ။ ခြေဟန်လက်ဟန်နဲ့ စကားမပြောရ။ စသဖြင့် အများကြီး အများကြီး အသေးစိပ်သင်ပါတယ်။
       မြတ်စွာဘုရားဟာ စီးပွားရှာတဲ့နေရာ ပညာရှာတဲ့နေရာ တရားရှာတဲ့နေရာ နေရာမျိုးစုံအတွက် အဆင့်အတန်းအမြင့်ဆုံး နည်းအဖြစ် မဂ္ဂင်ရှစ်ပါးကိုလည်း ညွှန်ပြခဲ့တယ်။

      စိတ်လည်းစည်းကမ်းရှိဖို့ သင်သလို ရုပ်ပိုင်းဘက်မှာလည်း စည်းကမ်းရှိဖို့ အသေးစိပ်သင်ခဲ့ပါတယ်။
     
       မြတ်စွာဘုရားဟာ culture အဆင့် အမြင့်ဆုံး ရောက်တဲ့သူပါ။
       သူဘာသင်ပေးခဲ့လဲ လေ့လာကြည့်ရင် အဆင့်အတန်းမြင့်တဲ့သူ ဆိုတာ ဘယ်လိုလူကိုခေါ်တာလဲ ... စိတ်ပိုင်ရော ရုပ်ပိုင်းရော အဆင့်အတန်းအမြင်ဆုံး ဖြစ်အောင် နေချင်တယ်ဆိုရင် ဘယ်လိုနေရမလဲ သိရတာပါပဲ။


No comments:

Post a Comment