Saturday, May 28, 2016

မေတ္တာအ​တွေးများ



မေတ္တာအတွေးများ
••••••••••••••••••••••
လူနှစ်ယောက် ရှိပါတယ်။
တစ်ယောက်က နံနက်မှာ ထမင်းအိုးတစ်ရာချက်ပြီး
လှူတယ်။နေ့လယ်မှာ အိုးတစ်ရာချက်ပြီးလှူတယ်။
ညနေမှာ အိုးတစ်ရာချက်ပြီးလှူတယ်။
တစ်ယောက်ကတော့ နံနက် နို့တစ်ညစ်စာ၊
နေ့လယ် နို့တစ်ညစ်စာ ညနေ နို့တစ်ညစ်စာ
မေတ္တာပွားပါတယ်တဲ့။ အဲဒီ နှစ်ယောက်မှာ
တစ်နေ့ အိုးတစ်ရာ သုံးကြိမ် ချက်လှူသူထက်၊
တစ်နေ့ နို့တစ်ညစ်စာ သုံးကြိမ်မေတ္တာပွားသူက ပိုပြီး
အကျိုးကြီးကြောင်း “နိဒါနသံယုတ် သြက္ခာသုတ်
(၄၅၅)”မှာ မြတ်စွာဘုရား ဟောပြထားပါတယ်။

နို့တစ်ညစ်စာဆိုတာ ဘာမှမကြာပါဘူး။
ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက
သုံးလေးစက္ကန့်လောက်ပဲရှိပါတယ်လို့ ခန့်မှန်း
ပေးထားပါတယ်။ တော်တော်လေးအားရဖို့ကောင်းတဲ့
စကားပါ။

ဒါနကမှ ပစ္စည်းတွေ၊ငွေတွေ၊အလှူခံပုဂ္ဂိုလ်တွေ
လိုက်ရှာနေရဦးမှာပါ။ မေတ္တာကတော့ ဘာပစ္စည်း
ဘာငွေမှ မလိုပါဘူး။ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ
ပွားများလိုက်ရုံပါပဲ။ အောက်ထက်ဆုံး
အိမ်သာထက်နေရင်းတောင် ပွားလို့ရပါတယ်။

အထက်က မြတ်စွာဘုရားဟောထားတဲ့
စကားလေးကို မဟာစည်ဆရာတော်ဘုရားကြီးက
မှတ်မိလွယ်အောင် လင်္ကာလေးစီထားပါတယ်။

“တစ်နေ့သုံးခါ၊အိုးတစ်ရာဖြင့်၊
ချက်ကာထမင်း၊ကျွေးလှူခြင်းထက်
မယွင်းစင်စစ်၊နို့တစ်ညစ်စာ၊
ကြိမ်သုံးခါမျှ၊မေတ္တာပွားများ
ကျိုးကြီမားသည် ဘုရားမြတ်စွာ မိန့်ခွန်းတည်း။

ပုထုဇဉ်တွေဆိုတော့ “အကုသိုလ်ကိလေသာတွေ”
ကတော့ အစဉ်သဖြင့် ဖြစ်နေကြမှာပါ။
ထင်ထင်ရှားရှားဖြစ်တာ နဲ့ မထင်မရှားဖြစ်တာတာပဲ
ကွာတာပါ။
❖ “ပုထုကိလေသေဇနေတီတိ ပုထုဇ္ဇနော=
များစွာသော အကုသိုလ်ကိလေသာတွေ
ဖြစ်စေတတ်သောကြောင့် ပုထုဇဉ်ပါ”တဲ့။

ဆိုင်ရာမဂ်အဆင့်ဆင့်ကို ရသွားမှပဲ အကုသိုလ်
ကိလေသာတွေက ကင်းသွားမှာပါ။ ဆိုင်ရာမဂ်တွေကို
မရသေးသရွေ့တော့ အကုသိုလ်တွေကတော့
ဖြစ်နေကြမှာပါပဲ။

❖ဒါပေမယ့် အဘိဓမ္မာသဘောအရ စိတ်ဆိုတာ
အာရုံတစ်ခုကိုပဲ ယူလို့ရပါတယ်။ နှစ်ခုယူလို့ မရပါဘူး။
ဒီတော့ ကိုယ်က မေတ္တာပွားနေတဲ့အချိန်မှာ
စိတ်က မေတ္တာပို့ရာ သတ္တဝါဆီမှာပဲ ညွှတ်နေတဲ့အတွက်
အကုသိုလ်စိတ်ဖြစ်ခွင့် မသာတော့ပါဘူး။
အခိုက်အတန့်အားဖြင့် ပယ်ထားတဲ့သဘောပါ။

❖ဒါကိုထောက်ပြီး မေတ္တာပွားနေတဲ့သူဟာ
မေတ္တာပွားနေတဲ့အတွက် မေတ္တာကုသိုလ်တွေ ဖြစ်နေသလို၊
တစ်ဖက်က အကုသိုလ်ကို အခိုက်အတန့်အားဖြင့်
ပယ်နေပါတယ်။ အကျိုးနှစ်မျိုးကို တစ်ပြိုင်နက် ရနေတာပါ။

အကျိုးနှစ်မျိုးရတဲ့ မေတ္တာကို စကြရအောင်ပါ။
မေတ္တာမှာ စည်းကမ်းအင်္ဂါလေးတွေ ရှိပါတယ်။
အဲဒီ စည်းကမ်းအင်္ဂါလေးတွေကို “ဝိသုဒ္ဓိမဂ်”
ကလာတဲ့အတိုင်း ပြောပြသွားရအောင်ပါ။

မေတ္တာပွားမယ့် ပုဂ္ဂိုလ်ဟာ ဆိတ်ငြိမ်ရာအရပ်မှာ
ကိုယ်နှစ်သက်တဲ့ ဣရိယာပုတ်နဲ့ ထိုင်ပါတဲ့။
ထိုင်ပြီးတဲ့အခါ မေတ္တာမပွားခင် ပထမဆုံးလုပ်ရမယ့်
အလုပ်က “ဒေါသရဲ့ အပြစ်နဲ့ ခန္တီရဲ့ အကျိုး” ကို
ဦးစွာဆင်ခြင်ပါတဲ့။

“ဒေါသထွက်တဲ့ ပုဂ္ဂိုလ်ဟာ အကြောင်းအကျိုးကို
ခွဲခြားမသိနိုင်ဘူး။ အမှန်တရားကိုလည်း မမြင်နိုင်ဘူး။
ရုပ်ကိုလည်း အိုစေတယ်။ နာမ်ကိုလည်း အိုစေတယ်။
နောက်ဘဝမှာလည်း ရုပ်ဆိုးတတ်တယ်။

သည်းခံခြင်းဟာ မြတ်သောအကျင့်လို့ မြတ်စွာဘုရား
ဟောထားတယ်။ ခန္တီတစ်လုံး လက်ကိုင်သုံးရင်
အစစအရာရာ အဆင်ပြေပါတယ်။ ဒါကြောင့်
ဘယ်အာရုံနဲ့ပဲတွေ့တွေ့ ငါ အစစအရာရာ သည်းခံမယ်”
စသည်ဖြင့် ဆင်ခြင်လို့ရပါတယ်။ (ဒါမှမဟုတ်)
ကိုယ်နားလည်သလို ဆင်ခြင်တတ်သလို
ဆင်ခြင်လို့လည်းရပါတယ်။

❖ မေတ္တာပွားမယ့် သူတစ်ယောက်အနေနဲ့ ပယ်ရမယ့်
တရားက “ဒေါသ”ပါတဲ့။ ယူရမယ့်တရားက
“ခန္တီ”ပါတဲ့။

❖ ဒေါသဆိုတာ လောကီ ရှုထောင့်ကကြည့်ကြည့်၊
လောကုတ္တရာ ရှုထောင့်ကကြည့်ကြည့်
ကောင်းကို မကောင်းတာပါ။

သုဘလုလင်က မြတ်စွာဘုရားကို မေးတဲ့မေးခွန်း
ရှိပါတယ်။ ဘယ်လိုမေးသလဲဆိုတော့…..
“မြတ်စွာဘုရား တချို့ယောက်ျား၊မိန်းမတွေကျတော့
ရုပ်ဆိုးပါတယ်။ တချို့ယောက်ျား၊မိန်းမတွေကျတော့
ရုပ်လှပါတယ်။ အဲဒါ ဘာကြောင့်ပါလဲဘုရား”တဲ့။
ဒီတော့ မြတ်စွာဘုရားက-
“သုဘလုလင် ဒေါသကြီးတဲ့သူဟာ နောက်ဘဝမှာ
ရုပ်ဆိုးရပြီး သည်းခံတဲ့သူကတော့ ရုပ်လှပါတယ်လို့”
ပြန်ဖြေလိုက်ပါတယ်။

ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက
“ဒေါသမီးလျှံ အကျည်းတန် သည်းခံ လှပသည်”
လို့ လင်္ကာ စီထားပါတယ်။

နောက်ဘဝကို အသာထား၊ ဒီဘဝမှာတင်
ဒေါသကြီးတဲ့ ပုဂ္ဂိုလ်ကို ဘေးက မြင်ရတာတောင်
တော်တော်စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။
အခြေအနေအရ ဆက်ဆံနေရပေမယ့် ဒေါသကြီးသူ
တွေကို ဘယ်သူမှ မဆက်ဆံချင်ကြပါဘူး။
မျက်မှောက်လက်တွေ့ ဘဝကိုကြည့်ပြီး
ဒေါသရဲ့ အပြစ်ကို ဆင်ခြင်နိုင်ရပါမယ်။

❖ဆင်ခြင်တယ်ဆိုတာ ဆိုရုံ၊နှလုံးသွင်းရုံ မဟုတ်ဘဲ၊
သဘောသဘာဝအထိ နှလုံးသားထဲအထိ
ဆိုက်ရောက်သွားအောင် သိသွားအောင်
ဆင်ခြင်ရပါတယ်။ ဆင်ခြင်ရင်းနဲ့ပဲ ဒေါသရဲ့
အကျိုး၊အပြစ်ကို ထင်ထင်ရှားရှားတွေ့ပြီး
ကိုယ်တိုင်လည်း ဒေါသလျော့လျော့ သွားပါလိမ့်မယ်။
ကိုယ်ဒေါသထွက်စဉ် ကာလတုန်းက
ဆိုးကျိုးတွေကို အာရုံပြုပြီး ဆင်ခြင်လို့ရပါတယ်။
ဥပမာ မိတ်ပျက်သွားတာတွေ၊ အိပ်မပျော်ခဲ့တာတွေ
စသည်ဖြင့်ပေါ့။

❖သည်းခံတာလည်း ဒီအတိုင်းပါပဲ။
သည်းခံမှုရဲ့ ရလဒ်ကို အသွင်အပြင်ထက်
အနှစ်သာရပိုင်းအထိ လက်ခံနိုင်အောင် ဆင်ခြင်ရပါမယ်။
ဆင်ခြင်ရင်းနဲ့ပဲ “သည်းခံတတ်တဲ့အကျင့်”
ဖြစ်သွားပါလိမ့်မယ်။

အဲဒီလို ဒေါသရဲ့ အပြစ်နဲ့ ခန္တီရဲ့ အကျိုးကို
ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်ပြီးရင် မေတ္တာ
စ,ရပါတော့မယ်။ ဒါပေမယ့် ဝိသုဒ္ဓိမဂ်က
❦ “မေတ္တာ မ,စ ရမယ့်ပုဂ္ဂိုလ်၊
❦ မေတ္တာ လုံးဝမပို့ရမယ့်ပုဂ္ဂိုလ်၊
❦ မေတ္တာ စ,ရမယ့် ပုဂ္ဂိုလ်” ဆိုပြီး
ဆက်ပြထားပေးပါတယ်။

❖ မေတ္တာစပြီး မပွါးရမယ့် ပုဂ္ဂိုလ်က (၄)ယောက်
ရှိပါတယ်။အဲဒါတွေက….
-မုန်းတဲ့သူ၊
-အလွန်ချစ်တဲ့သူ၊
-မချစ် မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
-ရန်သူ တို့ဖြစ်ပါတယ်။

အဲဒီပုဂ္ဂိုလ် ၄ ယောက်ကို မေတ္တာစပြီး မပွားရပါဘူး။

❖ နံပါတ်(၁)က မုန်းတဲ့သူကို စမေတ္တာမပွါးပါနဲ့တဲ့။
ဘာဖြစ်လို့လဲဆိုတော့ မုန်းတဲ့သူကို စပြီးမေတ္တာပွားရင်
မေတ္တာပွားတယ်ဆိုတာ သူ့တစ်ကိုယ်လုံးကို မြင်ယောင်ပြီး၊
ပွားရတာဆိုတော့ သူ ကိုယ့်အပေါ်မကောင်းတာ
လုပ်ခဲ့တာတွေက တစ်ခုချင်းပေါ်လာပါလိမ့်မယ်။
“ဘယ်တုန်းက ငါ့ကို ဘယ်လိုကြောခဲ့တယ်၊
ငါ့ကို ဘယ်လိုပြောခဲ့တယ်” ဆိုပြီး
ဒေါသတွေပဲ ဝင်လာတော့မှာပါ။
ဒေါသဟာ မေတ္တာရဲ့ ရန်သူပါ။
ဒါကြောင့် မုန်းတဲ့သူကို စပြီး မေတ္တာမပွားရပါဘူး။

❖ နောက် နံပါတ်(၂)က အလွန်ချစ်တဲ့သူကိုလည်း
မေတ္တာစ,မပွါးရပါဘူးတဲ့။ဘာဖြစ်လို့လည်းဆိုတော့
အလွန်ချစ်တဲ့သူကိုလည်း မေတ္တာစပွားရင်
“သူ နေလို့မှကောင်းရဲ့၊အိပ်လို့မှ ပျော်ရဲ့လား၊
အဆင်မှပြေရဲ့လား”စသည်ဖြင့် ကိုယ်ချစ်တဲ့သူ
အတွက် စိုးရိမ်သောက ဝင်လာရင် မေတ္တာပွားဖို့
ခက်သွားတတ်ပါတယ်။ ဒါကြောင့်
အလွန်ချစ်တဲ့သူကိုလည်း စပြီး မေတ္တာမပွားရပါဘူး။

❖ နောက်နံပါတ်(၃)က မချစ်မမုန်း အလယ်အလတ်
ပုဂ္ဂိုလ်ပါ။အဲဒီ အလယ်အလတ်ပုဂ္ဂိုလ်ကို စပြီး
မေတ္တာပွားရင် မေတ္တာဓာတ်ဟာ နှေးနေတတ်ပါတယ်။
ဒါကြောင့် မချစ်မမုန်းအလယ်အလတ်ပုဂ္ဂိုလ်ကိုလည်း
မေတ္တာစပြီး မပွားရပါဘူး။

❖ နောက်နံပါတ်(၄)က “ရန်သူ” ပါတဲ့။
ရန်သူကိုတော့ အထူးပြောနေဖို့ မလိုတော့ဘူး။
ဒါကြောင့် အထက်ကပုဂ္ဂိုလ် (၄)ယောက်ကို
မေတ္တာစပြီး မပို့ရပါဘူး။

“မုန်းသူ၊ချစ်သူ၊လယ်လတ်သူနှင့် ရန်သူကိုသာ
ဤလေးဖြာ မေတ္တာ မစ,ရ။”

နောက် မေတ္တာလုံးဝ မပွားရတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကတော့
(၁)။လိင်အသွင်မတူသူရယ်၊
(၂)။သေသွားတဲ့သူရယ်ပါ။

လိင်အသွင်မတူတဲ့သူဆိုတာ ယောက်ျားနဲ့မိန်းမကို
ပြောတာပါ။ ယောက်ျားက မိန်းမကိုမေတ္တာပွါးနေရင်
(ဒါမှမဟုတ်) မိန်းမက ယောက်ျားကို မေတ္တာပွါးနေရင်
မေတ္တာအစား ရာဂတွေ ဝင်လာတတ်ပါတယ်။
“ရာဂ” ဟာ မေတ္တာရဲ့ အနီးဆုံးရန်သူပါ။

သီဟိုဠ်ခေတ်က အမတ်တစ်ယောက်ရဲ့သားဟာ
သူ့အိမ် ဆွမ်းခံကြွနေတဲ့ မထေရ်တစ်ပါးကို
“မေတ္တာပွားတဲ့အခါ ဘယ်သူ့ကို စပွားရမလဲ”လို့
မေးလျှောက်ပါတယ်။ ဒီတော့ မထေရ်က …
“ချစ်တဲ့သူကို စပွား”လို့ မိန့်ကြားလိုက်ပါတယ်။
အမတ်ရဲ့သားက ငါချစ်တာ ငါ့ဇနီးပဲဆိုပြီး၊
ဥပုသ်စောင့်တဲ့ညမှာပဲ တခြားခန်းတစ်ခုမှာ ခွဲအိပ်၊
အခန်းတံခါးပိတ်ပြီး သူ့ဇနီးကို မေတ္တာ စပွားပါသတဲ့။

ဒီတော့ မေတ္တာစိတ်မဖြစ်တော့ဘဲ၊ရာဂစိတ်တွေဖြစ်လာပြီး၊
သူ့ဇနီးရှိရာ အခန်းကိုသွားဖို့ အားထုတ်တာ
တံခါးရှိရာကိုတောင် မမှတ်မိတော့ဘဲ နံရံကို
ဝင်တိုးပါသတဲ့။

❖ လိင်အသွင်မတူသူကို မေတ္တာပွားရင်
“ရာဂ” ဖြစ်လွယ်လို့ သီးသန့်သီးခြား မပွားရပါဘူး။
ဒါပေမယ့် သီးသန့် သီးခြားသာ မပွားရတာ၊
ကိုယ့်ရဲ့မေတ္တာ သမာဓိ ခိုင်မာလာတဲ့အခါ
ပါရမီဖြစ် ကုသိုလ်ဖြစ်တော့ ပွားကောင်းပါတယ်။

လင်မယား ဇနီးမောင်နှံဆိုတော့ အပြန်အလှန်တော့
ကျေးဇူး ရှိနေကြပါတယ်။ချက်ချင်းကြီး သီးသန့်အနေနဲ့သာ
မပွားကောင်းတာ။ကိုယ့်ရဲ့မေတ္တာ သမာဓိ ခိုင်လာတဲ့အခါ
ကျေဇူးကို အာရုံပြုပြီးတော့ ပွားကောင်းပါတယ်။

❖ နောက်နံပါတ်(၂)က “သေသူ” ပါ။
သေသူကိုတော့ လုံးဝကို မေတ္တာမပွားရတာပါ။
မေတ္တာပို့တယ်ဆိုတာ ပုဂ္ဂိုလ်သတ္တဝါကို အာရုံပြုပြီး
ပို့ရတာဆိုတော့ သေသူဆိုတာ ပုဂ္ဂိုလ်ထင်ရှားမရှိတော့ဘူး။
ကိုယ့်ရဲ့ မေတ္တာကိုလည်း မခံယူနိုင်တောပါ့ဘူး။
တချို့ကျတော့ သေသွားတဲ့ မိဘတွေကို
မေတ္တာပို့ပေးနေတတ်ပါတယ်။ ကျေးဇူးရှိလို့
တကယ်ပြုချင်ရင် ကုသိုလ်ပြုပြီး၊အမျှ ပေးဝေရမှာပါ။

ပြီးတော့ သေသူကို မေတ္တာပို့ရင်
“အပ္ပနာဈာန်သမာဓိ” ကိုလည်း မရနိုင်ပါဘူးတဲ့။

“အပ္ပနာဈာန်” ဆိုတာ အာရုံတစ်ခုတည်းကို
စွဲကိုင်ထားနိုင်တာပါ။

ဥပစာသမာဓိဆိုတာက နီဝရဏငါးပါးကင်းပြီး
မေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စူးစိုက်တည်နေတာပါ။

သီဟိုဠ်ခေတ်ကပဲ ဆိုပါတော့။
ရဟန်းငယ်တစ်ပါးက သူ့ရဲ့ဆရာကို မေတ္တာပွားပါတယ်။
အဲဒီခေတ်ကတော့ ဈာန်သမာပတ်အထိရအောင်ပွါးတဲ့
ခေတ်ပါ။ ရနေကျ ဈာန်သမာပတ်ကို မရဘဲ
ဖြစ်နေတယ်။ ဒီအကြောင်းကို
ဆရာမထေရ်ကြီးတစ်ပါးကို လျှောက်ပြတော့
“မေတ္တာခံ ပုဂ္ဂိုလ်ကို စုံစမ်းကြည့်ပါဦးလေ”
ဆိုတော့ စုံစမ်းကြည့်တော့ ဆရာဖြစ်သူက
ပျံလွန်တော်မူသွားပြီ။

ဒါကြောင့် ရဟန်းငယ်က တခြားပုဂ္ဂိုလ်ကို အာရုံပြုပြီး၊
ပြန်ပွားတော့ ရနေကျဈာန်သမာပတ်ကို ရသွားတယ်
လို့ ဆိုပါတယ်။ လိုရင်းကတော့ သေသူဟာ
ကိုယ့်ရဲ့ မေတ္တာကို မခံယူနိုင်တော့လို့ လုံးဝမေတ္တာ
မပွားရပါဘူး။

❖သပြေကန်ဆရာတော်ဘုရားကြီး၏ လင်္ကာ
“လိင်မတူရာ၊သေသူမှာ၊မေတ္တာမပွားနှင့်။”
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】
[အလင်းတန်းဂျာနယ်၊ ၇-၂-၂၀၀၅]
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
(ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)၏
“မေတ္တာအတွေးများစာအုပ်” စာမျက်နှာ ၂၁မှ- ၂၉ အထိ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။)


No comments:

Post a Comment