Thursday, May 26, 2016

ကိုယ်​သာနာ​စေ စိတ်မနာစေလိုပါ



ကိုယ်သာနာစေ စိတ်မနာစေလိုပါ (အပိုင်း ၁)
==================
HIV ဝေဒနာရှင်အတွက် သီးသန့်ဟောကြားပေးသော တရားအကျဉ်းချုပ်ကို စာဖတ်သူများအတွက် တစ်ဆင့် ဖေါက်သည်ချပေးလိုက်ရပေသည်။

   သရဏဂုံနှင့် ငါးပါးသီလ ဆောက်တည်ပြီးတာနဲ့ ဒီ ဒါယကာ၊ ဒါယိကာမအားလုံးဟာ သူတော်ကောင်းတွေ ဖြစ်သွားကြပြီ၊ သရဏဂုံနှင့် ငါးပါးသီလဆိုတာ သောတာပန်ဟုတ်မဟုတ် စစ်တမ်းထုတ်တဲ့အင်္ဂါပဲ။ သောတာပန်များမှာရှိတဲ့ သူတော်ကောင်း အရည်အချင်းတွေ ငါတို့မှာလည်း ရှိနေပြီလို့ တွေးပြီး၊ ဒါယကာ၊ ဒါယိကာမတို့က ဝမ်းသာသင့်တယ်။ အဲဒီလို ဝမ်းသာတာကို ပီတိလို့လည်း ခေါ်တယ်။ ဗုဒ္ဓလက်ထက်က အနာထပိဏ်သူဌေးကြီး တစ်ခါမှာ သေလောက်တဲ့ ဝေဒနာတစ်ခုကို ခံစားရတယ်။

   ဒီအချိန်မှာ အရှင်အာနန္ဒာ ကြွလာပြီး သောတာပန်မှာသာရှိတဲ့ ဂုဏ်အင်္ဂါတွေကို တစ်ချက်ချင်းစီ စစ်ကြည့်တဲ့အခါ အနာထပိဏ်သူဌေးကြီးမှာ အကုန်လုံးပြည့်စုံနေတာကို တွေ့ရတယ်။

   ဒီအခါမှာ အရှင်အာနန္ဒာက ပြောတယ်။

   ဒါယကာကြီး၊ ဒါယကာကြီးရဲ့ သန္တာန်မှာ -

   ဘုရား ရတနာကို အသက်နဲ့လဲပြီး ကြည်ညိုခြင်း။

   တရား ရတနာကို အသက်နဲ့လဲပြီး ကြည်ညိုခြင်း။

   သံဃာ ရတနာကို အသက်နဲ့လဲပြီး ကြည်ညိုခြင်း။

   ငါးပါး သီလကို အသက်နဲ့လဲပြီး လုံခြုံခြင်း။ ဆိုတဲ့ သောတာပန်ဂုဏ်အင်္ဂါတွေ အပြည့်အဝရှိနေတယ်။

   ဒါယကာကြီး ခံစားနေရတဲ့ ရောဂါတွေကို ခေတ္တမေ့ထားပြီး၊ ဒီအင်္ဂါလေးရပ်နဲ့ ပြည့်စုံတာကို ဝမ်းသာနေလိုက်စမ်းပါ။ အနာထပိဏ်သူဌေးကြီးဟာ အရှင်အာနန္ဒာ ပြောတဲ့အတိုင်း ဝမ်းသာပီတိ ဖြစ်နေလိုက်တယ်။ အဲဒီ ပီတိအရှိန်ကြောင့် သေမည့်ရောဂါကြီး ပျောက်သွားပြီး အသက်ရှည်ရှည် ထပ်နေသွားရတယ်။

   အခုလည်း ဒီ ဒါယကာ၊ ဒါယိကာမတွေမှာ သောတာပန်မဖြစ်သေးတောင် သောတာပန်မှာရှိတဲ့ ဂုဏ်အင်္ဂါတွေ မိမိမှာရှိနေပြီဆိုတာကိုတွေးပြီး ဝမ်းသာစေချင်တယ်။ တချို့ ဝေဒနာရှင်များက ငါတို့မှာ တခြားလူတွေလို အလှူဒါနတွေ အများကြီး မပြုနိုင်တော့ဘူးလို့ တွေးပြီ ဝမ်းနည်း နေတတ်တယ်။ ဝမ်းမနည်းကြပါနဲ့။ သရဏဂုံ တည်တဲ့ကုသိုလ်နဲ့ ငါးပါးသီလလုံတဲ့ ကုသိုလ်က ဒါနကုသိုလ်ထက် အများကြီးသာပါတယ်။

   ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အဂုင်္တ္ထိုရ်ပါဠိတော်၊ သီဟနာဒဝဂ်၊ ဝေလာမသုတ်မှာ ကုသိုလ်များ တစ်ခုထက်တစ်ခု မြင့်မြတ်သာလွန်သွားပုံကို အခုလို အကျယ်ချဲ့ပြီး ဟောကြားတော်မူခဲ့တယ်။ သာသနာပ အခါတုန်းက ဝေလာမပုဏ္ဏာကြီးဟာ ဘယ်သူမှ မလှူနိုင်တဲ့ ဘယ်သူမှ အလှူဖူးတဲ့ အလှူတွေကို အခုလို လှူဒါန်းခဲ့တယ်။

   မဇ္ဈိမတိုက် အတွင်းမှာရှိတဲ့ လူသန်းပေါင်းများစွာကို ထမင်ရည်တွေ ချောင်းစီးအောင် ကျွေးမွေးလှူဒါန်းခဲ့တယ်။ ဒါ့အပြင် ရွှေခွက်ပေါင်း ရှစ်သောင်းလေးထောင်၊ ငွေခွက်ပေါင်း ရှစ်သောင်းလေးထောင်၊ ကြေးခွက်ပေါင်း ရှစ်သောင်းလေးထောင်ထဲမှာ ရတနာပစ္စည်းတွေ အပြည့်ထည့်ပြီး လှူဒါန်းခဲ့တယ်။ နောက် နွားထီးပေါင်း ရှစ်သောင်းလေးထောင်၊ နွားမပေါင်း ရှစ်သောင်းလေးထောင်၊ သတို့သမီး ကညာပေါင်း ရှစ်သောင်းလေးထောင်၊ တန်ဆာဆင်ထားတဲ့ မြင်းရထားပေါင်း ရှစ်သောင်းလေးထောင် စတဲ့ မရေမတွက်နိုင်တဲ့ ဥစ္စာပစ္စည်းတွေကို လှူဒါန်းခဲ့တယ်။

   ဒါပေမယ့် အဲဒီအချိန်အခါဟာ သာသနာပဖြစ်တာကြောင့် အလှူခံတွေထဲမှာ သရဏဂုံတည်သူ၊ ငါးပါးသီလလုံသူ၊ တစ်ယောက်ပါဖို့တောင် မလွယ်ကူတာကြောင့် အဲဒီအလှူထက် သာသနာတွင်းမှာ သောတာပန်တစ်ဦးကို ဆွမ်းကျွေးတဲ့ ကုသိုလ်က သာတယ်။

   တစ်ခါ သောတာပန်အပါးတစ်ရာကို ဆွမ်းကျွေးတာထက်၊ သကဒါဂါမ်တစ်ပါးကို ဆွမ်းကျွေးတာကသာတယ်။ တစ်ခါ သကဒါဂါမ်အပါးတစ်ရာကို ဆွမ်းကျွေးတာထက် အနာဂါမ်တစ်ပါးကို ဆွမ်းကျွေးတာကသာတယ်။ တစ်ခါ အနာဂါမ်အပါးတစ်ရာကို ဆွမ်းကျွေးတာထက် ရဟန္တာတစ်ပါးကို ဆွမ်းကျွေးတာက သာတယ်။

   တစ်ခါ ရဟန္တာ အပါးတစ်ရာကို ဆွမ်းကျွေးတာထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းကျွေးတဲ့ကုသိုလ်က သာတယ်။

   တစ်ခါ ပစ္စေကဗုဒ္ဓါ အပါးတစ်ရာကို ဆွမ်းကျွေးတာထက် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ကို တစ်ဆူကို ဆွမ်းကျွေးတဲ့ ကုသိုလ်က သာတယ်။

   တစ်ခါ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တစ်ပါးကို ဆွမ်းကျွေးတဲ့ ကုသိုလ်ထက် ဘုရားအမှူးရှိတဲ့ သံဃာတော်အားလုံးကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိက ဆွမ်းဒါနကုသိုလ်က ပိုသာတယ်။

   တစ်ခါ ဘုရားအမှူးရှိတဲ့ သံဃာတော်များကို ဆွမ်းကျွေးတဲ့ ကုသိုလ်ထက် လေးတောင်ပတ်လည် တစ်ပါးနေ သံဃိက ကျောင်းဆောင်လေးတစ်ဆောင် ဆောက်လုပ်လှူတဲ့ ကုသိုလ်က သာတယ်။

   တစ်ခါ သံဃိက ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူတဲ့ ကုသိုလ်ထက် သရဏဂုံတည်တဲ့ ကုသိုလ်က သာတယ်။

   တစ်ခါ သရဏဂုံတည်တဲ့ ကုသိုလ်ထက် ငါးပါးသီလလုံအောင်စောင့်တဲ့ ကုသိုလ်က သာတယ်။

   တစ်ခါ ငါးပါးသီလ လုံအောင်စောင့်တဲ့ ကုသိုလ်ထက် (နံ့သာ၊ ရေမွှေး တစ်ရှုခန့် အချိန်လေးလောက်) လူနတ်ဗြဟ္မာ သတ္တဝါအားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေလို့ မေတ္တာ ပွားတဲ့ကုသိုလ်က သာတယ်။

   အဲဒီ ကုသိုလ်ထက် ခန္ဓာငါးပါးဟာ အနိစ္စ မမြဲတဲ့တရားပါလားဟု ရှုပွားတဲ့ ဝိပဿနာကုသိုလ်က သာတယ်။

   ဒီဒေသနာကို ထောက်ကြည့်လိုက်ရင် ဒီဒါယကာ၊ ဒါယိကာမတွေဟာ သရဏဂုံတည်တဲ့ကုသိုလ်၊ ငါးပါးသီလ စောင့်ထိန်းတဲ့ ကုသိုလ်တွေကို အမြဲတမ်းရနေကြပြီဆိုတာကို တွေးပြီး ဝမ်းသာကြရမယ်။ သရဏဂုံတည်တဲ့ ကောင်းကျိုးဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ လက်တွေ့ပြောပြမယ်။

   စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တပ်က ဆေးပင်စင်နဲ့ ထွက်လာတဲ့ တပ်ကြပ်ကြီးလှရွှေ ဆိုတာရှိတယ်။ သူဟာ သိတတ်တဲ့အချိန်ကစပြီး စစ်တပ်ထဲကို ဝင်ခဲ့ရတော့ သောက်လိုက်၊ စားလိုက်၊ သတ်လိုက်၊ ဖြတ်လိုက်၊ လောင်းကစားလုပ်လိုက်နဲ့ပဲ တပ်ကထွက်လိုက်ရတယ်။ သူ့ဘဝ နောက်ကြောင်း ပြန်စဉ်းစားကြည့်တဲ့အခါ သူတော်တော် အားငယ်သွားတယ်။

   ဒီအတိုင်းသာ သေရင်တော့ ငါ အပါယ်လေးပါးကို သွားမှာပဲ။ ငါ့ဘဝ တစ်လျှောက်လုံး အကုသိုလ်တွေချည်းပဲ လုပ်ခဲ့ရတယ်။ ကုသိုလ်ဆိုလို့ နှမ်းစေ့ တစ်စေ့စာတောင် မရှိပါလား။ အဲလိုတွေးမိပြီး ချင်းပြည်နယ် ခန္တီးတောင်မှာ သီတင်းသုံးနေတဲ့ တောင်းတန်း ဆရာတော်ကြီးထံ သွားပြီး အပါယ်မကျမယ့် ကမ္မဋ္ဌာန်းတရားကို တောင်းခဲ့တယ်။

   ဆရာတော်ကြီးကလည်း သရဏဂုံသုံးပါးကို နှုတ်ကဖြစ်စေ၊ စိတ်ကဖြစ်စေ၊ အမြဲရွတ်ဖတ်နေဖို့ နည်းပေးလိုက်တယ်။ သူဟာ ဆရာတော်ကြီးစကားကို နားထောင်ပြီး အမြဲတမ်း သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်နေတယ်။ နှစ်နှစ်ခွဲလောက်ရှိတဲ့အခါ ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်ပြီး ကလေးမြို့ ဆေးရုံမှာပဲ ဆုံးသွားတယ်။

   ဒါပေမဲ့ တစ်နှစ်ခွဲကျော်ကျော် ရွတ်ဆိုပွားများခဲ့တဲ့ သရဏဂုံ ကုသိုလ်ကြောင့် နတ်ပြည်ကို ရောက်ခဲ့တယ်။ အဲဒါဟာ တစ်ခဏတာ သရဏဂုံပဲရှိသေးတယ်။

မှတ်ချက်။   ။ တပ်ကြပ်ကြီးလှရွှေအကြောင်း အကျယ်ကို စားရေးသူ ရေးသားသော သရဏဂုံအစွမ်း အံ့မခန်း စာအုပ်တွင် ဖတ်ရှုပါ။

ဓါးပြငါးရာနှင့် တစ်ခဏတာသီလ
************************
   တစ်ဘဝတာ ဆောက်တည်တဲ့ သရဏဂုံဆိုရင် ကောင်းကျိုး ဘယ်လောက်ထိ ရမယ်ဆိုတာတွေးသာ ကြည့်ကြပေတော့။ သီလကုသိုလ်ဟာလည်း သရဏဂုံတည်တဲ့ ကုသိုလ်လိုပဲ တစ်ခဏတာဆောက်တည်ရုံနဲ့ ရလိုက်မယ့်ကုသိုလ်တွေဟာ အများကြီးပဲ။ ဓမ္မပဒ အဋ္ဌကထာမှာ လာတဲ့ သာဓကယုတ္တိတစ်ခုကို ပြောပြမယ်။

   တောအုပ်ကြီးတစ်ခုမှာ ခိုးသားဓါးပြငါးရာ ခိုအောင်းနေကြတယ်။ သူတို့ဟာ မြို့ပေါ်တက်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ကြတယ်။ သူ့အသက်လည်း သတ်တယ်။ သူ့ဥစ္စာလည်း ခိုးတယ်။ သူများမယားလည်း ပြစ်မှားတယ်။ လိမ်ညာလည်း ပြောတယ်။ သေရည်သေရက် မူးယစ်ဆေးဝါးလည်း သုံးစွဲတယ်။ ဆိုးလွန်းအားကြီးတော့ မြို့လူထုက ဟစ်တိုင်မှာ သွားအော်ကြတယ်။ ဒီခေတ်လိုဆိုရင်တော့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြကြတာပေါ့။

   ဒီအခါမှာ မင်းကြီဟာ မနေသာတော့ဘဲ၊ တပ်သားပေါင်း ထောင်နဲ့ချီလွှတ်ပြီး ခိုးသားဓါးပြငါးရာကို သုတ်သင်ရှင်းလင်းခိုင်းလိုက်တယ်။ တပ်သားထောင်ပေါင်းများစွာတို့ဟာ ခိုးသားဓါးပြတွေ ခိုအောင်းနေတဲ့ တောအုပ်ကြီးကို လွတ်လမ်းမရှိအောင် ပိတ်ဆို့ပြီး တဖြည်းဖြည်း နယ်ကျဉ်းသွားအောင် ချဉ်းကပ်လာကြတယ်။

   လွတ်လမ်းမရှိတာကို သိသွားတဲ့ ခိုးသားဓါးပြတွေ ကြောက်ရှာလွန်းလို့ တောထဲမှာ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါး ထံသွားပြီး သူတို့ကို ကယ်ဆယ်ဖို့ တောင်းပန်လျှောက်ထားကြတယ်။ မထေရ်မြတ်က ငါးပါးသီလ ဆောက်တည်ပေးပြီး ဒီသီလကို အသက်သေဆုံးချိန်အထိ မကျိုးမပေါက်အောင် စောင့်ထိန်းဖို့ သြဝါဒပေးလိုက်တယ်။

   ခိုးသားဓါးပြတွေဟာလည်း သြဝါဒပေးလိုက်တဲ့အတိုင်း ငါးပါးသီလကိုစောင့်ထိန်းကြတယ်။ သူတို့စောင့်ထိန်းချိန်ဟာ ဒီခေတ်နာရီနဲ့ တွက်မယ်ဆိုရင် သုံးနာရီလောက်ပဲရှိမှာပေါ့။ အဲဒီအချိန်မှာပဲ တပ်သားတွေက ခိုးသားဓါးပြတွေကို ဖမ်းမိသွားပြီး ခေါင်းဖြတ် သတ်လိုက်ကြတယ်။ ခိုးသားဓါးပြတွေ သေလွန်တဲ့အခါ လူသက်နဲ့ဆိုရင် နှစ်ပေါင်းသုံးကဋေ အနှစ်ခြောက်သန်း အသက်ရှည်တဲ့ တာဝတိံသာနတ်ဘုံ ရောက်ခဲ့ကြတယ်။ အဲဒါဟာ တခဏတာ ဆောက်တည်တဲ့ သီလကုသိုလ်လေးပါ။ ဒီဒါယကာ၊ ဒါယိကာမတွေဟာ အခုအချိန်ကစပြီး စောင့်ထိန်းကြမယ်ဆိုရင် ခိုးသားဓါးပြတွေ ရောက်တဲ့ နတ်ဘုံထက်ပိုမြင့်တဲ့ တုသိတာတို့၊ နိမ္မာနရတိတို့လို နတ်ဘုံတွေကို ရောက်ကြမှာပါ။

နှုတ်ထက် စိတ်ကြောင့် ပိုသေနိုင်ပုံ
*************************
   ဒီရုပ်တရားဟာ အာဟာရတစ်ခုတည်းကြောင့် ဖြစ်နေတာ မဟုတ်ပါဘူး။ ကံ၊ စိတ်၊ ဥတုတို့ကြောင့်လည်း ဖြစ်ပါတယ်။ ဒီလေးမျိုးထဲမှာ စိတ်ဟာ အစွမ်းအထက်မြတ်ဆုံးပဲ။ ဘယ်လောက် ထက်မြက်သလဲဆိုရင် လူကိုသေလောက်တဲ့ဒဏ်ရာ တစ်ခုမှ မရစေဘဲ၊ စိတ်ကိုသတ်လိုက်ရုံနဲ့ သေသွားတဲ့ လူတွေ ရှိတယ်။

   နိုင်ငံတစ်နိုင်ငံမှာ လက်တွေ့စမ်းသပ်ခဲ့ဖူးတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကို သင်တုန်းဓါးနဲ့ လည်ပင်းကို လှီသတ်ခဲ့တဲ့ ပြစ်မှုကြောင့် သေဒဏ်ချမှတ်ခံရတယ်။

   အဲဒီ တရားခံကို စိတ်ပညာရှင်တစ်ယောက်က လူကိုသေလောက်တဲ့ ဒဏ်ရာမရစေဘဲ စိတ်ကို သတ်လိုက်တာနဲ့ တကယ်သေသွားခဲ့တယ်။

   သတ်ပုံသတ်နည်းကတော့ ရာဇဝတ်သားကို ဘာမှ မမြင်ရအောင် အိတ်နက်ကြီးတစ်လုံး ခေါင်းမှာစွတ်ပေးထားလိုက်တယ်။ စိတ်ပညာရှင်ရဲ့ လက်တစ်ဖက်မှာ သင်တုန်းဓါးကို ကိုင်ထားတယ်။ ကျန်လက်တစ်ဖက်မှာတော့ နွေးတယ်ဆိုရုံ ရေနွေးအနည်းငယ်ကို ထည့်ထားတဲ့ ခရားသေးသေးကို ကိုင်ထားတယ်။ အချိန်ကျပြီဆိုတာနဲ့ စိတ်ပညာရှင်က ရာဇဝတ်သားကို အခုလို ပြောတယ်။

   “အသင်ရာဇဝတ်သား၊ အသင်သည် သူတစ်ပါးလည်ပင်းကို သင်တုန်းဓါးနဲ့ဖြတ်ပြီး သတ်ခဲ့တယ်။ အခုသင့်ကိုလည်း သင်တုန်းဓါနဲ့ လည်ပင်ကိုလှီပြီး သတ်မှာဖြစ်တယ်။ သင် သေမည့်အချိန်ရောက်လာပြီ ဖြစ်တဲ့အတွက် အသင်ဟာ ဘုရား၊ တရား၊ သံဃာကို အာရုံပြုပါ။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တွေကို အမှတ်ရပါ”

   ထိုကဲ့သို့ ပြောဆိုပြီး ရာဇဝတ်သား၏ လည်ပင်းပေါ်ရှိ အရေပြားကိုဆွဲယူ၍ ဓါးဖြင့်လှီးလိုက်တယ်။ လက်ကို မတော်တဆ ဓါးရှရုံ ဒဏ်ရာလေးလောက်သာဖြစ်သောကြောင့် သွေးစအနည်းငယ်သာ ထွက်တယ်။

   သို့သော် စိတ်ပညာရှင်က ခရားအိုးကို ရာဇဝတ်သားရဲ့ လည်ပင်းနားကပ်ထားပြီး ဖြေးဖြေးချင်း သွေးအပူချိန်နှင့်တူတဲ့ နွေးရုံနွေးတဲ့ ရေတွေကို ဖြေးဖြေးချင်းသွန်ချပေးတယ်။ အဲဒီလို သွန်ချရင်း ပါးစပ်ကလည်း ပြောပေးနေတယ်။

   “ရာဇဝတ်သား သင့်လည်ပင်းဟာ ဓါးနဲ့ ခွဲလိုက်တဲ့အတွက် မြင်မကောင်း၊ ရှုမကောင်းအောင် ဟတ်တက်ကြီး ကွဲသွားပြီး သွေတွေဟာ တလဟော ထွက်ကျနေတယ်”

   “သင်ဟာ ငါးမိနစ်အတွင်း ဧကန်မုချ သေရတော့မယ်”

   အဲဒီစကားပြော အပြီးမှာပဲ ရာဇဝတ်သားဟာ ညည်းညူ လှုပ်ရှားခြင်းမရှိတော့ဘဲ၊ ငြိမ်ကျသွားတယ်။ ငါးမိနစ်စေ့လို့ အဝတ်နက်ကို ဖွင့်ကြည့်လိုက်တဲ့အခါ ရာဇဝတ်သားဟာ အမှန်တကယ် သေဆုံးနေပြီ။

ဒီဖြစ်ရပ်မှာ သေလောက်တဲ့ဒဏ်ရာ မရရှိဘဲ၊ ရာဇဝတ်သား သေဆုံးသွားခြင်းဟာ စိတ်ကြောင့် သေသွားခြင်းသာဖြစ်တယ်။ စိတ်ကြောင့်ဆိုတာ ငါသေရတော့မယ်၊ ငါသေသွားပြီဆိုပြီး တကယ် ယုံကြည်တဲ့စိတ်ကို ဆိုလိုတာဖြစ်တယ်။

   ဒီဖြစ်ရပ်ကိုထောက်ထားပြီး သေမယ်လို့ယုံကြည်တဲ့ စိတ်ကြောင့် တကယ်သေရသလို မသေဘူးလို့ ယုံကြည်တဲ့စိတ်ကြောင့်လည်း သေရမယ့် ရောဂါဝေဒနာများရှိပါလျက် မသေဘဲ အသက်ရှင် ကျန်းမာနေတဲ့ ပုဂ္ဂိုလ်များစွာကို တွေ့ခဲ့ဖူးတယ်။ အဲဒီထဲက စိတ်ဝင်စားစရာအကောင်းဆုံး နှစ်ယောက်အကြောင်းကို ပြောပြမယ်။

   ပထမတစ်ဦးက မကွေးတိုင်းအတွင်းရှိ ပူပြင်းခြောက်သွေ့တဲ့ မြို့တစ်မြို့ရဲ့ အစွန်အဖျား ခပ်မြင်မြင့်တောင်ကုန်းလေးတစ်ခုပေါ်မှာ တစ်ပါးတည်းနေထိုင်တဲ့ တိုင်းရင်းသား ငယ်ဖြူရဟန်းတော်လေး တစ်ပါးပဲ။ ဒီကိုယ်တော်လေးဟာ ဆရာတော်ရေးတဲ့ စာအုပ်တွေကိုလည်းဖတ်တယ်။ ဆရာတော်ဟောတဲ့ တရားခွေတွေကိုလည်း နာတယ်။

   ဒါကြောင့် ရဟန်းပြုရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ ရဟန္တာဖြစ်ဖို့ဆိုတာကို သူသိသွားတယ်။ ဒါကြောင့် စာသင်တိုက်ကထွက်လာပြီး ဘယ်ကိုယ်တော်မှ မနေရဲတဲ့ နေလည်းမနေချင်တဲ့ ဒီတောင်ကုန်းပေါ်က တဲကျောင်းလေးတစ်ကျောင်းမှာ တစ်ပါးတည်းနေထိုင်ခဲ့တာပဲ။

   သူဟာ နေ့ဆွမ်းအတွက် ဆွမ်းခံကြွတယ်။ အရုဏ်ဆွမ်းအတွက်ကတော့ လာပို့တဲ့သူရှိရင် စားတယ်။ လာပို့တဲ့သူ မရှိရင် မစားဘူး။ ဒါဟာလည်း စိတ်ချမ်းသာအောင် နေတတ်တဲ့နည်းကို ရထားတဲ့အတွက်ကြောင့်ပဲ။ ဆရာတော်ဟာ ရဟန်းဝတ်တဲ့ကိုယ်တော်တိုင်းကို ဒီသြဝါဒ အမြဲပေးမိတယ်။ အရှင်ဘုရားတို့ စိတ်ချမ်းသာမှု ကုသိုလ်ဖြစ်မှု၊ စိတ်ဆင်းရဲမှု အကုသိုလ်ဖြစ်မှုဆိုတာ မိမိရဲ့အတွင်း အဇ္ဈတ္တနဲ့ပဲ အဓိကဆိုင်တယ်။ အပြင်ဗဟိဒ္ဓအာရုံက အဓိကမကျဘူး။ ဥပမာအားဖြင့် ဝက်သားဟင်းကို တွေ့ရတာချင်းတူသော်လည်း တရုတ်က စိတ်ချမ်းသာပြီး၊ မွတ်စလင်ကုလားက စိတ်ဆင်းရဲတယ်။

   ဘာကြောင့်လဲဆိုတော့ တရုတ်အားလုံးရဲ့ အတွင်းစိတ်ဟာ ဝက်သားကို နှစ်သက်ပြီး၊ မွတ်စလင်ကုလား အားလုံးရဲ့ အတွင်းစိတ်ဟာ ဝက်သားကို မနှစ်သက်တဲ့ အတွက်ကြောင့်ပဲ။ များသောအားဖြင့် စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး အရေးလေးပါးကို အကြောင်းပြုပြီး စိတ်ဆင်းရဲမှု၊ စိတ်ချမ်းသာမှု ဖြစ်ကြရတယ်။ ဒီလေးမျိုးနဲ့ ပတ်သက်ပြီး အမြဲတမ်း စိတ်ချမ်းသာချင်ရင် အခုလို ကြိုတင်နှလုံးသွင်းထားကြရမယ်။

အမြဲစိတ်ချမ်းသာအောင် နှလုံးသွင်းနည်း
*****************************
   အစားအစာနဲ့ပတ်သက်ရင် ငတ်မသေရုံစားရရင် ငါ့အတွက် အစားအစာဟာ လုံလောက်ပြီလို့ ခံယူထားရမယ်။

   အဝတ်အထည်နဲ့ပတ်သက်ရင် အရှက်လုံရုံဝတ်ရရင် ငါ့အတွက် အဝတ်အစားဟာ လုံလောက်ပြီလို့ ခံယူထားရမယ်။

   နေစရာနဲ့ပတ်သက်ရင် မိုလုံရုံနေရရင် ငါ့အတွက် အဆောက်အဦးဟာ လုံလောက်ပြီလို့ ခံယူထားရမယ်။

   ကျန်းမာရေးနဲ့ပတ်သက်ရင် နွားကျင်ငယ်ရည်ကို သောက်ရရင် ငါ့အတွက်ဆေးဟာ လုံလောက်ပြီလို့ ခံယူထားရမယ်။

   ဒီအဆုံးအမလေးများကို ဖတ်ရှုနာကြားထားတာကြောင့် တိုင်းရင်းသားကိုယ်တော်လေးဟာ တစ်ယောက်တည်း စိတ်ချမ်းသာအောင် နေတတ်ခြင်းဖြစ်တယ်။ သူ့ကို စိတ်ဆင်းရဲအောင် ဒုက္ခဖြစ်အောင် လုပ်လာတာက အဲဒီတောင်ပေါ်မှာ တည်ထားတဲ့ စေတီပေါ်က ဓါတ်များ၊ နတ်များ၊ ယတြာများ၊ ဘိုးတော်ရုပ်များပဲဖြစ်တယ်။ သူက စာရေးသူ ရေးသားတဲ့ ထေရဝါဒ မှတ်ကျောက်စာအုပ်ကို ဖတ်ထားပြီးဖြစ်တာကြောင့် ပြဿဒါးရက်က မကောင်းကျိုး မပေးနိုင်၊ အကုသိုလ်ကသာ မကောင်းကျိုး ပေးနိုင်တယ်။ ထို့ကြောင့် ပြဿဒါးကို ရှောင်စရာမလို၊ အကုသိုလ်ကိုသာ ရှောင်စရာလိုတယ်။

   ရက်ရာဇာက ကောင်းကျိုးမပေး၊ ကုသိုလ်ကသာ ကောင်းကျိုးပေးတယ်။ ဒါကြောင့် ရက်ရာဇာကို ဆောင်စရာမလို၊ ကုသိုလ်ကိုသာ ဆောင်စရာလိုတယ် ဆိုပြီးပြတ်ပြတ်သားသား နားလည်လက်ခံ ယုံကြည်ထားသူဖြစ်တယ်။ အဲဒီ ကိုယ်တော်လေးဟာ စေတီပေါ်က အင်းများ၊ နတ်များ၊ ဓါတ်များ၊ ယတြာများ၊ ဘိုးတော်ရုပ်များကို ဖယ်ရှားပစ်လိုက်တယ်။

   ဘုရားရုပ်ပွားများကိုလည်း ဆေးဘုရားလို့ နာမည်တပ်ပြီး ဘုရားရှင်လက်ထဲတွက် ဆေးတုံးကြီးတစ်တုံးကို ထည့်ထားတယ်။ အင်းဘုရားလို့ နာမည်ပေးပြီး ဘုရားရှင်လက်ထဲမှာ အင်းကွက်ကြီးထည့်ထားတယ်။ ဓါတ်ဘုရားလို့ နာမည်တပ်ပြီး ဘုရားရှင်လက်ထဲမှာ ဓါတ်လုံးကြီးထည့်ထားတယ်။ ဒီကိုယ်တော်လေးက ဘုရားရုပ်ပွားတော်တွေရဲ့ လက်ထဲက အင်းများ၊ ဓါတ်လုံးများ၊ ဆေးလုံးများကို အကုန်ဖယ်ရှားပစ်လိုက်တယ်။

   အင်းဘုရား၊ ဓါတ်ဘုရား၊ ဆေးဘုရားဆိုတဲ့စသားတွေကိုလည်း ဖျက်ပစ်လိုက်သည်။ မှားယွင်းတဲ့ အယူအဆများကိုလည်း စွန့်ပစ်နိုင်အောင် ဒါယကာ၊ ဒါယိကာမတွေကို ဆုံးမသြဝါဒပေးတယ်။ ဒါပေမဲ့ ဒါယကာ၊ ဒါယိကာမ အများစုက နားမလည်ကြ၊ မကျေနပ် ဖြစ်ကြလို့ သံဃနာယကတွေကိုတောင် သွားတိုင်ကြသည်။

   ကိုယ်တော်လေးဘက်က မှန်နေတာကြောင့် သံဃနာယကတွေက ဒါယကာ၊ ဒါယိကာမတွေ အရေးဆိုသလို ကိုယ်တော်လေးကို တောင်ပေါ်ကနေ နှင်မထုတ်ပါဘူး။ မူလအတိုင်း ဆက်နေခိုင်းပါတယ်။ တကယ်တော့ ဒီကိုယ်တော်လေးဟာ ဒါယကာ၊ ဒါယိကာမတွေအတွက် ဆရာကောင်းပါ။

   ဆရာကောင်းဆိုတာ တပည့် ဒါယကာ၊ ဒါယိကာမတွေရဲ့ အမှားကို အမုန်းခံပြီး လာဘ်လာဘ အဆုတ်ယုတ်ခံပြီး ဆုံးမရဲတယ်။ ဆရာညံ့ကတော့ ဒါယကာ၊ ဒါယိကာမတွေရဲ့ အမှားကိုသိသော်လည်း ကျောင်းကိုမလာမှာစိုးလို့ ပစ္စည်းလေးပါး မလှူမှာစိုးလို့ မဆုံးမရဲကြပါဘူး။ တစ်ခါတော့ ရန်ကုန်မြို့က ဒါယိကာမ တစ်ဦးရောက်လာပြီး ဘုရားရှေ့မျက်နှာစာကို အုတ်တံတိုင်းခတ်ပေးဖို့ တာဝန်ယူတယ်။

   အမှန်က ပါးစပ်နဲ့သာ လျှောက်သွားတာ လက်ကတော့ မလှူရသေးပါဘူး။ ဘယ်လ၊ ဘယ်ရက်မှာ လာလှူမယ်လို့ ပြောသွားရုံလေးပါ။   

   အဲဒါကို ကိုယ်တော်လေးက စေတနာ သဒ္ဓါတရားပိုပြီး အလှူရှင် ငွေလာလှူတဲ့အချိန်မှာ အုတ်တံတိုင်းလေးတွေ မြင်လိုက်ရရင် ပိုစိတ်ချမ်းသာမှာပဲ ဆိုတဲ့ အတွေးနဲ့ အုတ်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေ အကြွေးယူပြီး အကုန်လုပ်ထားလိုက်တယ်။

HIV ပိုးတွေ့သော ကိုယ်တော်
**********************
   ပြောထားတဲ့ရက်မှာ အဲဒီ ဒါယိကာမဟာ အဲဒီမြို့ကိုတော့ ရောက်လာတယ်။ ဒါပေမဲ့ အုတ်တံတိုင်းအတွက် ဘာမှ မလှူသွားဘူး။ အဲဒီနေ့ကစပြီး ကိုယ်တော်လေးဟာ မအိပ်နိုင် မစားနိုင် တပိန်ပိန် တလိန်လိန်ဖြစ်ပြီး ရောဂါစတော့တာပဲ။ တအားပိန်သွားတဲ့အပြင် ဖျားလည်းဖျား၊ ဝမ်းကလည်းသွားတော့ HIV ပိုးရှိနေပြီးလားလို့ သူကိုယ်တိုင်ရော ဘေးကဒါယကာတွေပါ သံသယဝင်လာကြတယ်။

   သံသယရှိတဲ့အတွက် သွေးသွားစစ်ကြည့်တဲ့အခါ တကယ်ပဲ HIV ပိုးကိုတွေ့ရတယ်။ ၂၀၀၈ ခုနှစ်လောက်မှာ ဆရာတော် အဲဒီမြို့ကို တရားဟောကြွသွားတော့ အဲဒီတိုင်းရင်းသား ကိုယ်တော်လေး ဆရာတော်ကို လာတွေ့ပြီး အကူအညီတောင်းတယ်။

   အဓိကကတော့ အုတ်တံတိုင်းအတွက် တင်ရှိနေတဲ့ အကြွေးတွေကိုဆပ်ပေးဖို့ပါ။ ဆရာတော် ဆပ်ပေးလိုက်ပါတယ်။ အကြွေးက မများပါဘူး။ ငါးသိန်းခွဲ ခြောက်သိန်းလောက်ပါပဲ။ ၂၀၀၈ ခုနှစ်လောက်ဆိုတော့ ဒီငွေဟာ ၂၀၁၁ ခုနှစ်ထက်စာရင် တန်ဖိုးရှိသေးတာပေါ့။ အရိုးပေါ် အရေတင်ဖြစ်လောက်အောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရှာတဲ့ ကိုယ်တော်လေးဟာ အကြွေးတွေ ကင်းသွားတဲ့အတွက် တဝက်လောက်က စိတ်ချမ်းသာသေးတယ်။ တစ်ဝက်လောက်ကတော့ စိတ်ဆင်းရဲရတုန်းပဲ။ ဘာကြောင့်လဲဆိုတော့ တစ်လကို HIV ရောဂါပျောက်ဆေး သုံးသောင်းခွဲဖိုးလောက် သောက်နေတဲ့ အတွက်ကြောင့်ပဲ။ အခုတော့ အဲဒီဆေးဖိုးကိုလည်း ဆရာတော်ကပဲ တာဝန်ယူပြီး လှူပေးထားတယ်။

   ဒါပေမဲ့ ဆရာတော်သူ့ကို ဟောပေးတဲ့တရားက သူ့ကို ထောက်ပံ့နေတဲ့ငွေကြေးထက် အများကြီးတန်ဖိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အရိုးပေါ်အရေတင် သေလုမျောပါးဖြစ်နေတဲ့ အဲဒီကိုယ်တော်လေးဟာ အခုအချိန်မှာ ဝဝဖြိုးဖြိုး ခံ့ခံ့ညားညား သပ္ပါယ်ပြီး ကြည်ညိုစရာကောင်းတဲ့ ရုပ်ရည်အဆင်း ရှိနေတာကြောင့်ပဲ၊ အခုဆိုရင် ဒီကိုယ်တော်လေးဟာ HIVရောဂါ ပျောက်ဆေးသောက်နေတာ သုံးနှစ်လောက်ရှိပြီ ရောဂါပိုးဟာ တဖြည်းဖြည်း နည်းနည်းလာတဲ့အတွက်ကြောင့် လေးငါးနှစ်လောက်ရှိရင် ပျောက်တော့မှာပါ။

   ဆရာတော်ဆုံးမတဲ့တရားက အရှင်ဘုရား ကိုယ်သာနာပါစေ၊ စိတ်မနာပါစေနဲ့ ရုပ်ရှိရင် ရောဂါရှိမှာပဲ။ စိတ်ရှိရင် ခံစားတဲ့ဝေဒနာရှိမှာပဲ။ ဘုရားရှင်တောင် ရုပ်ခန္ဓာရှိတဲ့အတွက်ကြောင့် ဝမ်းလျှောပြီး ပရိနိဗ္ဗာန် ဝင်စံရသေးတာပဲ။ ဒါပေမဲ့ ဘုရားရှင်ဟာ စိတ်မနာတဲ့အတွက်ကြောင့် နိဗ္ဗာန်ကိုပဲ ရောက်တယ်။

   ရုပ်မှာဖြစ်တဲ့ရောဂါဟာ နှစ်အပိုင်းအခြားနဲ့ ခံစားရုံလောက်ပါပဲ၊ အပါယ်လေးပါးကို ဆွဲမချပါဘူး။ စိတ်မှာဖြစ်တဲ့ ကိလေသာရောဂါက အပါယ်လေးပါးကို ဆွဲချတယ်။ စိတ်နာတယ်ဆိုတာ ရောဂါကြောင့် ဒေါသဖြစ်တာကို ပြောတာ။ အပေါင်းအစု ခန္ဓာငါးပါးရှိတယ်။ အဲဒါတွေက -

ဖောက်ပြန်တတ်သော သဘောတရားအစု ရူပက္ခန္ဓာ

ခံစားတတ်သော သဘောတရားအစု ဝေဒနက္ခန္ဓာ

မှတ်သားတတ်သော သဘောတရားအစု သညာက္ခန္ဓာ

တိုက်တွန်းတတ်သော သဘောတရားအစု သင်္ခါရက္ခန္ဓာ

သိတတ်သော သဘောတရားအစု ဝိညာဏက္ခန္ဓာတို့ပဲ။

မေတ္တာရှင်-ရွှေပြည်သာ

ကိုယ်သာနာစေ စိတ်မနာစေလိုပါ
စာအုပ်မှ ကူးယူဖော်ပြပါသည်။

{အပိုင်း ၂ ၊ ၃ တို့အား ဆက်လက်တင်ပါမည်။}


No comments:

Post a Comment