Tuesday, May 17, 2016

မာန်မာန

လူအများနှင့်ဆက်ဆံရေးမှာ
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ
ကိုယ့်ရဲ့ အကျင့်စရိုက်တွေကို
နိမ့်ကျသွားစေတဲ့ အကြောင်းတစ်ခုက
#ကိုယ့်ရဲ့မာန်မာနပဲ။

ဒီအချက်ကို လူအချင်းချင်း ဆက်ဆံတဲ့အခါမှာ
သတိထားကြည့်ပါ။ လူနှစ်ယောက်တွေ့ပြီဆိုတာနဲ့
တစ်ယောက်က one up နေရာရအောင် ယူပြီး...
တစ်ယောက်က one down ဖြစ်သွားပြီ။
ဟုတ်သလား... မဟုတ်ဘူးလားဆိုတာ
ကိုယ့်ဘာသာ သတိထားကြည့်ဖို့ရာ။

လူဟာ သူများထက်သာသွားပြီဆိုရင်
မာနနည်းနည်းတော့ဖြစ်လာတယ်နော်။
ကိုယ့်ကိုကိုယ် ငါသူများထက်သာတယ်ဆိုပြီး
မာန်မာနကြီးလာတယ်။ သူတစ်ပါးရဲ့
အထင်ကြီးမှု၊ လေးစားမှု၊ ကြောက်ရွံ့မှု
ဆိုတာကိုလည်း လိုချင်တယ်။
သတိမထားလို့ရှိရင်သာ ဒီလိုဖြစ်တတ်တာပါ။
သတိထားတဲ့သူမှာတော့ ဖြစ်တာနည်းပါတယ်။

အဲဒါမျိုးကို စိတ်ပညာစကားလုံးနဲ့သုံးရင်
psychicinflation လို့ခေါ်တယ်။
အဓိပ္ပာယ်က စိတ်ဖောင်းပွတယ်လို့ပေါက်တယ်။
မာန်မာနဆိုတာ အင်မတန်ပယ်နိုင်ခဲတယ်။
ဘယ်လောက်ပယ်နိုင်ခဲသလဲဆိုရင်
ရဟန္တာဖြစ်မှ မာန်မာနကုန်တယ်တဲ့။
အနာဂါမ်တောင်မှ မာနရှိသေးတယ်ဆိုတော့
ကျန်တဲ့သဒါဂါမ်တို့ သောတပန်တို့
ပုထုဇဉ်တို့ဟာ မာနမရှိပါဘူးလို့ပြောရင်
ဘယ်လိုအဓိပ္ပာယ် ပေါက်သွားအုံးမလဲ။

ကိုယ့်ကိုကိုယ် မာန်မာနမရှိပါဘူးဆိုတာကိုက
မာန်မာနဖြစ်နေအုံးမှာနော်။ သတိထားဖို့ရာ
တော်တော်မလွယ်တဲ့ကိစ္စပါ။ ဒီလိုစိတ်ကို
ဖြစ်နေတုန်းမှာ သေသေချာချာမြင်ဖို့
သိနိုင်ဖို့ #ပထမအရေးအကြီးဆုံးပါ။
လုံးလုံးချည်းပယ်ဖို့ကတော့ မလွယ်သေးဘူး။
ရဟန္တာဖြစ်မှ ကိလေသာ အကုန်လုံးကုန်တာကိုး။

အင်မတန်မှ ကိုယ်ရည်ကိုယ်သွေး
အကျင့်စရိုက်နဲ့ ပြည့်ဝတဲ့လူတောင်မှ
ကိုယ့်စိတ်ကို ကိုယ် သတိမပြတ်အောင်
အမြဲစောင့်ကြည့်နေနိုင်မှ #သူ့ရဲ့လွှမ်းမိုးမှုကိုမခံရမှာ။

✏ ဆရာတော်ဦးဇောတိက
("ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်ခြင်း"
စာအုပ်မှ ကောက်နှုတ်ချက် ဖြစ်ပါသည်)


No comments:

Post a Comment