Saturday, July 16, 2016

ဥပုသ်စောင့်ရာတွင် သတိပြုရမည့်အချက်များ

ဥပုသ်စောင့်ရာတွင် သတိပြုရမည့်အချက်များ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။

အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို
အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။

သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။

လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို
စုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။
အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို

" ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက

"အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်"

လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး

" ကြည့်စမ်းပါဦးတော် ရုပ်ကလေး
သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။
ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့"

လို့ တစ်ယောက်တစ်ပေါက် အတင်း
ပြောကြသတဲ့။

အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက

" ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား "

လို့ မကြားတကြား သရော်ကြသတဲ့။

အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာ
ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက
အဖွားအိုနားကိုသွားပြီး

" အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်"

လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက

" ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ "

လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်
ကြည့်လိုက်ပြီး

" သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့
သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ် "

လို့ ဆုံးမစကားပြောပါတယ်။

အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။

နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက " ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။

ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။

ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။

အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသက်ရှင်နေထိုင်ပုံမျိုးကို တစ်ရက်တာမျှ အတုခိုးကျင့်ကြံတာမျိုးပါ။ ဒီအချက်တွေကို ထောက်ဆကြည့်ရင့် ဥပုသ်စောင့်တယ်ဆိုတာ ဘယ်လောက် အထက်တန်းကျ မြင့်မြတ်လှတယ်ဆိုတာ ဆင်ခြင်ဥာဏ်ရှိသူတိုင်း သိကြမှာပါ။

ဒါကြောင့် လောက ဓမ္မနှစ်ဖက်လှပြီး အစဉ်အလာကောင်းတဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အလွယ်တကူ မတိမ်ကော မကွယ်ပျောက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဟာ လူမျိုးဘာသာ သာသနာတော် အဆင့်အတန်းမြင့်မားရေးကို
လိုလားကြတဲ့ ဥပုသ်သည်တိုင်းရဲ့သမိုင်းပေး တာဝန်ဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ်။

ဓမ္မရံသီ မှ ကူးယူဖော်ပြသည်။

မေတ္တာဖြင့် မျှဝေသူ

ရွှေညာသား


Saturday, June 25, 2016

မရဲတရဲ မျော်လင့်ခြင်း

မရဲတရဲ မျော်လင့်ခြင်း
•~•~•~•~•~•~•~•~•~•

ဒုဋ္ဌဂါမဏိမင်းကြီးဟာ ရဟန်းသံဃာတော်
တွေကို မဖူးမြင်ရရင်မနေနိုင်လို့ ဆိုပြီး
စစ်တိုက်ထွက်ရင်တောင် ရှေ့တန်း
စစ်မျက်နှာကို သံဃာတော်အပါး နှစ်ရာ
ပင့်သွားပြီး လုပ်ကျွေးပြု စုသတဲ့

အနော်ရထာမင်းကြီးက စစ်တိုက်တဲ့အခါ
သာသနာတော်အတွက် ငါကပိုပြီးစွမ်း
ဆောင်နိုင်ပါက ငါနိုင်ပါစေ သူကပိုပြီး
စွမ်းဆောင်နိုင်ပါက သူနိုင်ပါစေဆိုပီး
တောင်ဆုဆိုကာ စစ်တိုက်သတဲ့

မင်းတုန်းမင်းကြီးဟာလည်း ရဟန်းသံဃာတော်
များကို မဖူးမြင်ရရင်မနေနိုင်လို့ ဆိုပြီး
မန္တလေးမြို့ တည်တော့ နန်းတော်ပတ်ပတ်
လည်မှာ ဘုန်းကြီးကျောင်းတွေခြံရံပြီး
မြို့ ကိုတည်ဆောက်ခဲ့တယ်

သြော်  ----------

အင်း   -----------

သူတို့ ကို သတိယလိုက်တာ

အခုနေများ

အဲလိုမျိုးခေါ်င်းဆောင် တဦးလောက်
ပေါ်ပေါက်ရင်

သိပ်  ကောင်း  မှာ  ပဲ နော်

share်



Monday, June 20, 2016

မိမိသည်သာ မိမိ၏အားကိုးရာ

“မိမိသည်သာ မိမိ၏အားကိုးရာ”
•••••••••••••••••••••••••••••••••••
လောကထဲမှာ ဖြစ်ကြရ၊လောကထဲမှာ နေထိုင်ကြရသည့်
ပုဂ္ဂိုလ်တို့သည် မှီခိုရာ အားကိုးရာများ ရှိကြရပေသည်။
မိဘတို့သည် ငယ်ရွယ်သူ သားသမီးများ၏ မှီခိုရာ
အားကိုးရာ ဖြစ်ကြရပေသည်။ သားသမီးတို့သည်လည်း
အိုမင်းမစွမ်း ဖြစ်လာကြသော မိဘများ၏ မှီခိုရာ
အားကိုးရာများ ဖြစ်ကြရပေသည်။
ဆရာနှင့်တပည့်တို့သည်လည်း အချင်းချင်း မှီခိုရာ
အားကိုးရာများ ဖြစ်ကြရပေသည်။ ဇနီးမယားနှင့်
လင်ယောက်ျားတို့သည်လည်း အချင်းချင်း မှီခိုရာ
အားကိုးရာ ဖြစ်ကြရပေသည်။

ဤကဲ့သို့ မှီခိုရာ၊အားကိုးရာပင် ဖြစ်ကြပါသော်လည်း
တစ်ရံ တစ်ခါသာ မှီခိုရာ အားကိုးရာ ဖြစ်ကြပေသည်။
တစ်ရံတစ်ခါ မှီခိုရာ အားကိုးရာ မဖြစ်နိုင်ပေ။
အကြောင်းတစ်ပါးပါးကြောင့် အရပ်တစ်ပါးသို့
ခွဲခွာသွားရသောအခါ၊ ဘဝတစ်ပါးသို့ ပြောင်းသွား
ကွယ်လွန်သွားကြသောအခါတို့၌ မှီခိုရာ၊အားကိုးရာ
မဖြစ်ကြတော့ပေ။ မိမိသည်သာ မိမိ၏အားကိုးရာ
ဖြစ်ကြရပေသည်။

မမျှော်လင့်ဘဲ ဖြစ်လာတတ်သည့် လောကဓမ်တရားများ
နှင့် တွေ့ကြုံရသည့်အခါမှာလည်း မိမိသည်သာ မိမိ၏
အားကိုးရာ ဖြစ်ကြရပေသည်။ မိမိသည်သာ မိမိ၏
အားကိုးရာ ဖြစ်သည့် အကြောင်းကို မြတ်စွာဘုရား
မကြာခဏ ဟောကြားတော်မူခဲ့ပါသည်။

တစ်ချိန်သောအခါ ရှင်သာရိပုတ္တရာ နာလကရွာ၌
ပရိနိဗ္ဗာန် စံလွန်တော်မူသွားသည့် အကြောင်းကို ကြားရ၍
အရှင် အာနန္ဒာသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်
ကိုပင် ခွဲခြား၍ မရအောင် အားကိုးရာမဲ့ ဖြစ်သွားပေသည်။
ထိုအကြောင်းကို မြတ်စွာဘုရားထံ သွားရောက်၍
လျှောက်ထားသောအခါ မြတ်စွာဘုရားက
မိန့်ကြားတော် မူသည်မှာ-

“ညီတော်အာနန္ဒာ၊ အားလုံးသော၊ချစ်ခင်အပ်
မြတ်နိုးအပ်သော ပုဂ္ဂိုလ်တို့ နှင့် တစ်နေ့သောခါ (နာနာဘာဝ)၊
ရှင်ကွဲသော်လည်း ခွဲခွာကြရမည် ဖြစ်ပေသည်။
(ဝိနာဘာဝ) သေကွဲသော်လည်း ခွဲခွာကြရမည်သာ
ဖြစ်ပေသည်။ မည်သူ့ကိုမျှ အားကိုးလို့ မရကြပေ။
မိမိသည်သာ မိမိ၏အားကိုးရာ ဖြစ်သည်ဟု
မိန့်ကြားတော် မူလိုက်ပါသည်။

မိမိသည်သာ မိမိ၏ အားကိုးရာဖြစ်သည်ဟု မြတ်စွာဘုရား
ဟောကြားတော်မူသော စကားတော်တရားတော်ကို
နာကြားဖူးသူ၊ စာအုပ်များကို ဖတ်ရှုဖူးသူတို့သည်
ထိုစကားတော်၏ အဓိပ္ပာယ်ကို ထိုက်သင့်သည့်
အားလျော်စွာ သဘောကျနားလည်လျက်ရှိကြပေသည်။
များသောအားဖြင့် မိမိ၏ “ကိုယ်အား၊ ဉာဏ်အား၊
လုံ့လဝီရိယအား၊ လုပ်ရည်ကိုင်ရည် စွမ်းအားများ”သည်
မိမိ၏ အားကိုးရာအစစ်ဖြစ်သည် စသည်ဖြင့်
သဘောကျ နားလည်လျက် ရှိကြပေသည်။

မိမိသည်သာ မိမိ၏အားကိုးရာ အစစ်ဖြစ်ပုံ အဓိပ္ပာယ်ကို
အရှင် အာနန္ဒာအား မြတ်စွာဘုရား ကိုယ်တိုင်
ဟောကြားတော်မူခဲ့သည်မှာ- ညီတော် အာနန္ဒာ၊
မိမိသည်သာ မိမိ၏အားကိုးရာ ဖြစ်သည် ဆိုသည်မှာ-

❖(၁)။ ကာယာနုပဿနာ သတိပဋ္ဌာန်=
ကိုယ်အမူအရာများ ဖြစ်တိုင်း၊ ဖြစ်တိုင်းကို (သတိကပ်၍)
ရှုမှတ်နေခြင်း။
❖(၂)။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ကောင်းသည့်၊
ဆိုးသည့်၊ အလတ်ဖြစ်သည့် ဝေဒနာတို့ကို (သတိကပ်၍)
ရှုမှတ်နေခြင်း။
❖(၃)။ စိတ္တာနုပဿနာသတိပဋ္ဌာန်=စိတ်အမူအရာများ
ဖြစ်တိုင်း၊ ဖြစ်တိုင်းကို (သတိကပ်၍) ရှုမှတ်နေခြင်း။
❖(၄)။ ဓမ္မာနုပဿနာသတိပဋ္ဌာန်=မြင်ရသည့်၊
ကြားရသည့်၊နံရသည့် သဘောတရား စသည်များကို
(သတိကပ်၍) ရှုမှတ်နေခြင်း ဟူသော
သတိပဋ္ဌာန်တရား (၄)ပါးကို ပွားများ၍ နေခြင်းသည်
မိမိသည်သာ မိမိ၏ အားကိုးရာကို ပြုနေသည်မည်၏ ဟု
ဟောကြားတော်မူခဲ့ပါသည်။

လောကထဲ၌ ဖြစ်ကြရ၊ လောကထဲ၌ နေထိုင်ကြရသည့်
ပုဂ္ဂိုလ်၊သတ္တဝါမှန်သမျှတို့သည်
လာဘ်ရခြင်း၊လာဘ်မရခြင်း၊
အခြံအရံများခြင်း၊ အခြံအရံနည်းပါးခြင်း၊
အကဲ့ရဲ့ခံရခြင်း၊ အချီးမွမ်းခံရခြင်း၊
ချမ်းသာ နှင့် တွေ့ရခြင်း၊ ဆင်းရဲနှင့် တွေ့ရခြင်း
ဟူသော လောကဓမ် တရား (၈)ပါးနှင့်
တွေ့ကြုံကြရမည်သာ ဖြစ်ပေသည်။ဤကဲ့သို့
လောကဓမ် တရားများနှင့် တွေ့ကြုံကြရသည့်အခါမှာ
သတိပဋ္ဌာန်တရား (၄)ပါးသည်သာ မိမိတို့၏ အားကိုးရာ
ဖြစ်ပေသည်ဟု ဟောကြားတော်မူလိုရင်း ဖြစ်ပေသည်။

❖ လောကဓမ်တရား (၈)ပါးတို့တွင် လာဘ်ရများခြင်း၊
အခြံအရံ များခြင်း၊ အချီးမွမ်းခံရခြင်း၊ ချမ်းသာများခြင်း
တို့သည် ကောင်းသည့် လောကဓမ်တရားတို့
ဖြစ်ကြပေသည်။ ယင်း ကောင်းသည့် လောကဓမ်
တရားတို့သည်လည်း ပုဂ္ဂိုလ်၊သတ္တဝါတို့ကို ဆင်းရဲဒုက္ခ
ပေးတတ်ကြကုန်၏။

❖တရားမပြည့်စုံကြသေးသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်
လာဘ်ရများသောအခါ၊ အခြံအရံ ပရိသတ်များလာသော
အခါ၊ အချီးမွမ်းခံရသောအခါ၊ ချမ်းသာသုခများ
သိပ်များလာသော အခါတို့၌ စွဲလမ်းသာယာ
တပ်မက်ခြင်း လောဘ၊တက်ကြွထောင်လွှားခြင်း
မာန်မာနတို့ ဖြစ်လာတတ်ကြပေသည်။
ထို လောဘ၊မာန်မာနတို့ကြောင့် ပုဂ္ဂိုလ် ၊သတ္တဝါတို့သည်
ဆင်းရဲဒုက္ခများနှင့် တွေ့ကြရပေသည်။ ထို့ကြောင့်
ကောင်းသည့် လောကဓမ်တရားများနှင့် တွေ့ရသည့်
အခါမှာလည်း တရားလက်မလွတ်စေရန် အထူး
သတိပြုကြရပေသည်။ သတိပဋ္ဌာန်တရား(၄)ပါးကို
ထိုက်သင့်သလို ပွားများ၍ နေကြရပေသည်။

❖လာဘ်ရ နည်းပါးခြင်း၊ အခြေအရံ နည်းပါးခြင်း၊
အကဲ့ရဲ့ ခံရခြင်း၊ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့နှင့်
တွေ့ကြရခြင်းတို့သည် မကောင်းသည့် လောကဓမ်
တရားများ ဖြစ်ကြပေသည်။ ဤမကောင်းသည့်
လောကဓမ် တရားများနှင့် တွေ့ကြုံရသောအခါ
တရားမပြည့်စုံကြသေးသော ပုဂ္ဂိုလ်တို့သည်
စိုးရိမ်ပူဆွေးခြင်းသောက၊ ငိုကြွေးရခြင်း ပရိဒေဝ၊
ကိုယ်ဆင်းရဲခြင်း ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ
တို့ ဖြစ်ကြရပေသည်။

မကောင်းသည့် လောကဓမ်များကြောင့် ဖြစ်ကြရသည့်
စိုးရိမ်ရခြင်း သောက၊ ငိုကြွေးရခြင်း ပရိဒေဝ၊
ကိုယ်ဆင်းရဲရခြင်းဒုက္ခ၊ စိတ်ဆင်းရဲ ရခြင်း ဒေါမနဿ
တို့မှ လွတ်မြောက်သွားဖို့ရာ၊ ယင်း ဆင်းရဲတို့
ချုပ်ငြိမ်းသွားဖို့ရာ၊ ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းရာ
အမှန် မြတ်နိဗ္ဗာန်သို့ ရောက်သွားဖို့ရာမှာ သတိပဋ္ဌာန်တရား
(၄)ပါးသည် တစ်ကြောင်းတည်းသော အကျင့်လမ်းစဉ်
ဖြစ်ပေသည်။မိမိတို့၏ အားကိုးရာအစစ် ဖြစ်ပေသည်
ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် မိမိတို့၏
အားကိုးရာ အစစ်ဖြစ်သည့် သတိပဋ္ဌာန်တရား (၄)ပါးဖြင့်
ဝိပဿနာတရားကို အချိန်ရသမျှ ပွားများအားထုတ်
နေကြရခြင်း ဖြစ်ပေသည်။

❖သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရားကို
အခြေခံရအောင် ပွားများအားထုတ်ထားကြသော
ပုဂ္ဂိုလ်တို့သည် အကြောင်းအမျိုးမျိုးတို့ကြောင့်
စိုးရိမ်ပူဆွေးမှုသောက ဖြစ်လာသောအခါ
ထို စိုးရိမ်ပူဆွေးမှုသောကဖြစ်နေသော စိတ်ကိုပင်
“စိုးရိမ်တယ်၊ စိုးရိမ်တယ်” ဟု ရှုမှတ်ကြရပေသည်။
ယင်းကဲ့သို့ ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်မှုများ
တဖြည်းဖြည်း သက်သာသွားကာ ပျောက်ကင်း
သွားတာများကို ကိုယ်တိုင် တွေ့သိနိုင်ကြမည်
ဖြစ်ပေသည်။

❖အကြောင်းအမျိုးမျိုးတို့လျှောင့် ငိုကြွေးရသည့် အဖြစ်သို့
ရောက်အောင် ပြင်းထန်သည့် လောကဓမ်တရားများနှင့်
တွေ့ကြုံရ၍ ငိုကြွေး ရသည့်အခါ၊ ထိုငိုကြွေးရသည့်
မျက်လုံးအမူအရာကိုပင် “ငိုတယ်၊ ငိုတယ်”
ဟု ရှုမှတ်ကြရပေသည်။ ယင်းကဲ့သို့ ရှုမှတ်လိုက်သည်
ရှိသော် မိမိ၏ သမာဓိဉာဏ်အားလျော်စွာ ငိုကြွေးမှုများ
တဖြည်းဖြည်း သက်သာပျောက်ကင်းသွားကြတာများကို
ကိုယ်တိုင် တွေ့သိကြရမည် ဖြစ်ပေသည်။

❖အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဆင်းရဲခြင်း
ဒုက္ခများနှင့် တွေ့ရသောအခါ၊ ယင်း ကိုယ်ဆင်းရဲခြင်း
ဒုက္ခဝေဒနာပေါ်၌ စိတ်ကို တည့်တည့်ချ၍
“ဆင်းရဲတယ်၊ ဆင်းရဲတယ်”ဟု ရှုမှတ်ကြရပေသည်။
ယင်းကဲ့သို့ ရှုမှတ်လိုက်သည် ရှိသော် မိမိ၏ သမာဓိ
ဉာဏ်အားလျော်စွာ တဖြည်းဖြည်း သက်သာသွားတာ၊
ပျောက်ကင်းသွားတာများကို ကိုယ်တိုင်
တွေ့သိကြရမည် ဖြစ်ပေသည်။

❖အကြောင်းအမျိုးမျိုးတို့ကြောင့် စိတ်ဆင်းရဲခြင်းများ
ဖြစ်လာသောအခါ ထို စိတ်ဆင်းရဲမူကို သိအောင်
စူးစိုက်၍ “စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်”
ဟူ၍ပင် ရှုမှတ်ကြရပေသည်။ ယင်းကဲ့သို့
ရှုမှတ်လိုက်သည်ရှိသော် မိမိ၏ သမာဓိဉာဏ်
အားလျော်စွာ စိတ်ဆင်းရဲမှုများ တဖြည်းဖြည်း
သက်သာသွားတာ၊ပျောက်ကင်းသွားတာများကို
ကိုယ်တိုင် တွေ့သိကြရမည် ဖြစ်ပေသည်။

သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရားကို
ဆက်ကာ ဆက်ကာ ရှုမှတ်ပွားများ၍ သမာဓိဉာဏ်များ
အားရှိထက်သန်လာသောအခါ သောက၊ ပရိဒေဝ၊
ဒုက္ခ၊ ဒေါမနဿတို့၏ အပြီးတိုင် ချုပ်ငြိမ်းရာ
နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြမည်ဖြစ်ပေသည်။
ထို့ကြောင့် သတိပဋ္ဌာန်တရား (၄)ပါးကို
ပွားများနေခြင်းသည် (ဝါ) သတိပဋ္ဌာန် တရား (၄)ပါးဖြင့်
ဝိပဿနာတရား ပွားများအားထုတ်နေခြင်းသည်
မိမိသည်သာ မိမိ၏အားကိုးရာကို ပြုနေခြင်း ဖြစ်ပေသည်
ဟု ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]


Wednesday, June 15, 2016

ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ

ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ
===============================
ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီပုထိုး၊ ဘုရားဆင်းထုတော်၊ သံဃာတော်များ၊ မိဘဆရာ၊ သက်ကြီးဝါကြီး များကို ရှိခိုးကန်တော့ခြင်းသည် ဓလေ့ထုံးစံတစ်ခုကဲ့သို့ ပြုလုပ်ရခြင်းထက် ပိုပါသည်။
လုပ်ဆောင်အပ်သော ဝတ္တရား၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး၊ ဂုဏ်ယူဖွယ် လူမှုစရိုက်၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု အဖြစ် ထိန်းသိမ်းထားရှိရခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းဧ။် အဓိက
ထမ်းဆောင်ရမည့် အထူးတာဝန်ကြီးတစ်ရပ်ပင် ဖြစ်သည်။

မွေးဖွားလာပြီး မည်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲဆိုသည်ကို သတိမမူလိုက်မိဘဲ ဖြစ်တတ်ကြသည်၊ မိဘကဗုဒ္ဓဘာသာဝင်ဖြစ်လို့ လိုက်၍ဖြစ်သွားသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ
များမည်ထင်သည်။ ဆင်းထုတော်ကို, စေတီပုထိုးများကို ရှိခိုးဦးချလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်ဖြစ်သွားသည်ဟု ထင်ခဲ့မည်ဆိုလျှင် မမှန်ပါ။

ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးဧ။် လေးနက်တဲ့ အဓိပ္ပာယ်၊ မွန်မြတ်တဲ့ သိက္ခာ၊ ကြည်ညိုဖွယ် ဂုဏ်အရည်အချင်းများကို မှန်မှန်ကန်ကန် သိရှိနားလည်ရပါသည်၊ ယင်းသို့ သေသေချာချာ
တိတိကျကျ သဘောပေါက်နားလည်သဖြင့် အမှန်တကယ် အားကိုးယုံကြည်ပြီး ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟူ၍ ဆုံးဖြတ်နိုင်သည်။

ရတနာသုံးပါးကို အစစ်အမှန် ကိုးကွယ်လဲလျောင်းရာ အဖြစ် ခံယူခြင်းကို " သရဏ " ဟူ၍ခေါ်ဆိုရသည်။
ဆန္ဒအမှန်ဖြင့် ယုံကြည်ကိုးကွယ် သဖြင့် ဆည်းကပ်ပူဇော်ခြင်းကို (သရဏ ဂမန) " သရဏဂုံ " ဟူ၍ခေါ်ဆိုရသည်။
ထိုသို့ အသေအချာ သိရှိနားလည်၍ ယုံကြည်ကိုးကွယ်ပြီး ဆည်းကပ်ပူဇော်သူကို " သရဏဂုံ တည်သူ " ဟူ၍ခေါ်ဆိုရသည်။

ဤသို့ " သရဏဂုံ တည်သူ " ကိုသာလျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည်။

မိမိတွင် အကျိုးကျေးဇူး ရရှိနိုင်သည်ဟူသော အထင်ဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အယူဝါဒ တစ်ခုခုကို သော်လည်းကောင်း၊ အခြားဘာသာ တစ်ခုခုကို သော်လည်းကောင်း၊
စွဲစွဲမြဲမြဲ ကိုးကွယ်ဆည်းကပ်ခဲ့လျှင် ထိုသူမှာ " သရဏဂုံ " ပျက်ပြယ်သွားပြီဟု သတ်မှတ်ရသည်။ ( စကားချပ် -- ပုဂ္ဂိုလ်စွဲ ယုံကြည်မှု လွန်ကဲခြင်းမဖြစ်ရန် သတိထားရမည်။)

ရတနာသုံးပါးကို မေ့လျော့နေလျှင် ကိုးကွယ်ဆည်းကပ်မှုဖြင့် ဝေးကွာနေသောကြောင့် " သရဏဂုံ " မှေးမှိန်နေသည်၊ ညှိုးနွမ်းနေသည်ဟု သတ်မှတ်ရသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးကို မေ့မေ့လျော့လျော့မနေဘဲ၊ အစဉ်သဖြင့် သတိတရ ကိုးကွယ်ဆည်းကပ်နေရန် အလွန်လိုအပ်လှပေသည်။
ကိုးကွယ်ဆည်းကပ်နေရမည် ဆိုသည်မှာ ဆွမ်းကပ်လှူခြင်း၊ ပန်း ဆီမီးတို့ဖြင့် ပူဇော်ခြင်း၊ ဝတ္တု ပစ္စည်းများဖြင့် လှူဒါန်းခြင်း၊ စသည်တို့ကို အမြဲပြုလုပ်နေရမည်ဟု မဆိုလိုပါ၊
ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးတော်များကို စိတ်ထဲမှာ မမေ့မလျော့ အောင်းမေ့သတိရနေခြင်းသည်သာ အရေးကြီးဆုံးဖြစ်သည်။

သို့အတွက် ရတနာသုံးပါးကို အမြဲနှလုံးသွင်းနိုင်ရန်  မည်သည့်နေရာမှာဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ မည်သည့် ပုဂ္ဂိုလ်၊ စေတီ၊ ဆင်းတုတော် ကိုဖြစ်စေ၊ ရှိခိုးဝတ်ပြုပြီဆိုလျှင်
ရတနာသုံးပါးကို ရည်စူးမှန်းဆပြီး သုံးကြိမ် ဦးချရမည်ဖြစ်သည်။

ဆရာတော်ကြီးများ အမိန့်ရှိသလို " မင်းတို့ဦးချတာက ပုဆိန်ပေါက်နေသလို၊ ဖားဖမ်းနေသလို ပါပဲလား " လို့ မဖြစ်ရလေအောင်  ပထမတစ်ကြိမ် ဦးချစဉ်တွင် " မြတ်စွာဘုရားဧ။် ဂုဏ်တော် " တို့ကို
နှလုံးသွင်း အာရုံပြု၍ ဖြေးဖြေးမှန်မှန် ဦးနှိမ်ပြီး ဝတ်ချရသည်။ ဒုတိယတစ်ကြိမ်တွင် " တရားတော်ဧ။် ဂုဏ်တော် " များ၊ တတိယတစ်ကြိမ်တွင် " သံဃာတော်ဧ။် ဂုဏ်တော် " များကို နှလုံးသွင်းကာ
အာရုံပြုလျက် ညင်သာဖြေးညှင်းစွာ ဦးနှိမ်ချ၍ ရှိခိုးရသည်။

ထိုသို့နှလုံးသွင်း အာရုံပြုနိုင်ရန် မြတ်စွာဘုရားဧ။် ဂုဏ်တော်များ၊ တရားတော်ဧ။် ဂုဏ်တော်များ၊ သံဃာတော်ဧ။် ဂုဏ်တော်များ ကို သေသေချာချာ လေ့လာမှတ်သားပြီး အိပ်ရာဝင်, အိပ်ရာထတိုင်း
အမြဲမပြတ်  ပွားများကြံစည် နေအပ်ပေသည်။

ဗုဒ္ဓကျမ်းဂန်တို့တွင် " သရဏဂုံ " အမြဲတည်နေသောသူသည် သက်တမ်းကုန်ဆုံး၍သော်လည်းကောင်း၊ နာတာရှည်ရောဂါတို့ဖြင့်သော်လည်းကောင်း၊ ရုတ်တရက် မတော်တဆ အနေဖြင့်သော်လည်းကောင်း၊
တမလွန်သို့ ဘဝကူးပြောင်းသွားခဲ့သော် အောက်ဘုံများသို့ မဆင်းဘဲ၊ အထက်ဘုံများသို့သာ လားရောက်ရသည်ဟု အတိအလင်း ပြဆိုထားလေသည်။   ။

***ဗုဒ္ဓဘာသာဝင်တိုင်း " သရဏဂုံ " အမြဲတည်တံ့နေရန် အားထုတ်သင့်လှပေသည်။***
Credit to ဦးလွမ်းမိုးအောင်
MS