Monday, June 20, 2016

မိမိသည်သာ မိမိ၏အားကိုးရာ

“မိမိသည်သာ မိမိ၏အားကိုးရာ”
•••••••••••••••••••••••••••••••••••
လောကထဲမှာ ဖြစ်ကြရ၊လောကထဲမှာ နေထိုင်ကြရသည့်
ပုဂ္ဂိုလ်တို့သည် မှီခိုရာ အားကိုးရာများ ရှိကြရပေသည်။
မိဘတို့သည် ငယ်ရွယ်သူ သားသမီးများ၏ မှီခိုရာ
အားကိုးရာ ဖြစ်ကြရပေသည်။ သားသမီးတို့သည်လည်း
အိုမင်းမစွမ်း ဖြစ်လာကြသော မိဘများ၏ မှီခိုရာ
အားကိုးရာများ ဖြစ်ကြရပေသည်။
ဆရာနှင့်တပည့်တို့သည်လည်း အချင်းချင်း မှီခိုရာ
အားကိုးရာများ ဖြစ်ကြရပေသည်။ ဇနီးမယားနှင့်
လင်ယောက်ျားတို့သည်လည်း အချင်းချင်း မှီခိုရာ
အားကိုးရာ ဖြစ်ကြရပေသည်။

ဤကဲ့သို့ မှီခိုရာ၊အားကိုးရာပင် ဖြစ်ကြပါသော်လည်း
တစ်ရံ တစ်ခါသာ မှီခိုရာ အားကိုးရာ ဖြစ်ကြပေသည်။
တစ်ရံတစ်ခါ မှီခိုရာ အားကိုးရာ မဖြစ်နိုင်ပေ။
အကြောင်းတစ်ပါးပါးကြောင့် အရပ်တစ်ပါးသို့
ခွဲခွာသွားရသောအခါ၊ ဘဝတစ်ပါးသို့ ပြောင်းသွား
ကွယ်လွန်သွားကြသောအခါတို့၌ မှီခိုရာ၊အားကိုးရာ
မဖြစ်ကြတော့ပေ။ မိမိသည်သာ မိမိ၏အားကိုးရာ
ဖြစ်ကြရပေသည်။

မမျှော်လင့်ဘဲ ဖြစ်လာတတ်သည့် လောကဓမ်တရားများ
နှင့် တွေ့ကြုံရသည့်အခါမှာလည်း မိမိသည်သာ မိမိ၏
အားကိုးရာ ဖြစ်ကြရပေသည်။ မိမိသည်သာ မိမိ၏
အားကိုးရာ ဖြစ်သည့် အကြောင်းကို မြတ်စွာဘုရား
မကြာခဏ ဟောကြားတော်မူခဲ့ပါသည်။

တစ်ချိန်သောအခါ ရှင်သာရိပုတ္တရာ နာလကရွာ၌
ပရိနိဗ္ဗာန် စံလွန်တော်မူသွားသည့် အကြောင်းကို ကြားရ၍
အရှင် အာနန္ဒာသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်
ကိုပင် ခွဲခြား၍ မရအောင် အားကိုးရာမဲ့ ဖြစ်သွားပေသည်။
ထိုအကြောင်းကို မြတ်စွာဘုရားထံ သွားရောက်၍
လျှောက်ထားသောအခါ မြတ်စွာဘုရားက
မိန့်ကြားတော် မူသည်မှာ-

“ညီတော်အာနန္ဒာ၊ အားလုံးသော၊ချစ်ခင်အပ်
မြတ်နိုးအပ်သော ပုဂ္ဂိုလ်တို့ နှင့် တစ်နေ့သောခါ (နာနာဘာဝ)၊
ရှင်ကွဲသော်လည်း ခွဲခွာကြရမည် ဖြစ်ပေသည်။
(ဝိနာဘာဝ) သေကွဲသော်လည်း ခွဲခွာကြရမည်သာ
ဖြစ်ပေသည်။ မည်သူ့ကိုမျှ အားကိုးလို့ မရကြပေ။
မိမိသည်သာ မိမိ၏အားကိုးရာ ဖြစ်သည်ဟု
မိန့်ကြားတော် မူလိုက်ပါသည်။

မိမိသည်သာ မိမိ၏ အားကိုးရာဖြစ်သည်ဟု မြတ်စွာဘုရား
ဟောကြားတော်မူသော စကားတော်တရားတော်ကို
နာကြားဖူးသူ၊ စာအုပ်များကို ဖတ်ရှုဖူးသူတို့သည်
ထိုစကားတော်၏ အဓိပ္ပာယ်ကို ထိုက်သင့်သည့်
အားလျော်စွာ သဘောကျနားလည်လျက်ရှိကြပေသည်။
များသောအားဖြင့် မိမိ၏ “ကိုယ်အား၊ ဉာဏ်အား၊
လုံ့လဝီရိယအား၊ လုပ်ရည်ကိုင်ရည် စွမ်းအားများ”သည်
မိမိ၏ အားကိုးရာအစစ်ဖြစ်သည် စသည်ဖြင့်
သဘောကျ နားလည်လျက် ရှိကြပေသည်။

မိမိသည်သာ မိမိ၏အားကိုးရာ အစစ်ဖြစ်ပုံ အဓိပ္ပာယ်ကို
အရှင် အာနန္ဒာအား မြတ်စွာဘုရား ကိုယ်တိုင်
ဟောကြားတော်မူခဲ့သည်မှာ- ညီတော် အာနန္ဒာ၊
မိမိသည်သာ မိမိ၏အားကိုးရာ ဖြစ်သည် ဆိုသည်မှာ-

❖(၁)။ ကာယာနုပဿနာ သတိပဋ္ဌာန်=
ကိုယ်အမူအရာများ ဖြစ်တိုင်း၊ ဖြစ်တိုင်းကို (သတိကပ်၍)
ရှုမှတ်နေခြင်း။
❖(၂)။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ကောင်းသည့်၊
ဆိုးသည့်၊ အလတ်ဖြစ်သည့် ဝေဒနာတို့ကို (သတိကပ်၍)
ရှုမှတ်နေခြင်း။
❖(၃)။ စိတ္တာနုပဿနာသတိပဋ္ဌာန်=စိတ်အမူအရာများ
ဖြစ်တိုင်း၊ ဖြစ်တိုင်းကို (သတိကပ်၍) ရှုမှတ်နေခြင်း။
❖(၄)။ ဓမ္မာနုပဿနာသတိပဋ္ဌာန်=မြင်ရသည့်၊
ကြားရသည့်၊နံရသည့် သဘောတရား စသည်များကို
(သတိကပ်၍) ရှုမှတ်နေခြင်း ဟူသော
သတိပဋ္ဌာန်တရား (၄)ပါးကို ပွားများ၍ နေခြင်းသည်
မိမိသည်သာ မိမိ၏ အားကိုးရာကို ပြုနေသည်မည်၏ ဟု
ဟောကြားတော်မူခဲ့ပါသည်။

လောကထဲ၌ ဖြစ်ကြရ၊ လောကထဲ၌ နေထိုင်ကြရသည့်
ပုဂ္ဂိုလ်၊သတ္တဝါမှန်သမျှတို့သည်
လာဘ်ရခြင်း၊လာဘ်မရခြင်း၊
အခြံအရံများခြင်း၊ အခြံအရံနည်းပါးခြင်း၊
အကဲ့ရဲ့ခံရခြင်း၊ အချီးမွမ်းခံရခြင်း၊
ချမ်းသာ နှင့် တွေ့ရခြင်း၊ ဆင်းရဲနှင့် တွေ့ရခြင်း
ဟူသော လောကဓမ် တရား (၈)ပါးနှင့်
တွေ့ကြုံကြရမည်သာ ဖြစ်ပေသည်။ဤကဲ့သို့
လောကဓမ် တရားများနှင့် တွေ့ကြုံကြရသည့်အခါမှာ
သတိပဋ္ဌာန်တရား (၄)ပါးသည်သာ မိမိတို့၏ အားကိုးရာ
ဖြစ်ပေသည်ဟု ဟောကြားတော်မူလိုရင်း ဖြစ်ပေသည်။

❖ လောကဓမ်တရား (၈)ပါးတို့တွင် လာဘ်ရများခြင်း၊
အခြံအရံ များခြင်း၊ အချီးမွမ်းခံရခြင်း၊ ချမ်းသာများခြင်း
တို့သည် ကောင်းသည့် လောကဓမ်တရားတို့
ဖြစ်ကြပေသည်။ ယင်း ကောင်းသည့် လောကဓမ်
တရားတို့သည်လည်း ပုဂ္ဂိုလ်၊သတ္တဝါတို့ကို ဆင်းရဲဒုက္ခ
ပေးတတ်ကြကုန်၏။

❖တရားမပြည့်စုံကြသေးသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်
လာဘ်ရများသောအခါ၊ အခြံအရံ ပရိသတ်များလာသော
အခါ၊ အချီးမွမ်းခံရသောအခါ၊ ချမ်းသာသုခများ
သိပ်များလာသော အခါတို့၌ စွဲလမ်းသာယာ
တပ်မက်ခြင်း လောဘ၊တက်ကြွထောင်လွှားခြင်း
မာန်မာနတို့ ဖြစ်လာတတ်ကြပေသည်။
ထို လောဘ၊မာန်မာနတို့ကြောင့် ပုဂ္ဂိုလ် ၊သတ္တဝါတို့သည်
ဆင်းရဲဒုက္ခများနှင့် တွေ့ကြရပေသည်။ ထို့ကြောင့်
ကောင်းသည့် လောကဓမ်တရားများနှင့် တွေ့ရသည့်
အခါမှာလည်း တရားလက်မလွတ်စေရန် အထူး
သတိပြုကြရပေသည်။ သတိပဋ္ဌာန်တရား(၄)ပါးကို
ထိုက်သင့်သလို ပွားများ၍ နေကြရပေသည်။

❖လာဘ်ရ နည်းပါးခြင်း၊ အခြေအရံ နည်းပါးခြင်း၊
အကဲ့ရဲ့ ခံရခြင်း၊ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့နှင့်
တွေ့ကြရခြင်းတို့သည် မကောင်းသည့် လောကဓမ်
တရားများ ဖြစ်ကြပေသည်။ ဤမကောင်းသည့်
လောကဓမ် တရားများနှင့် တွေ့ကြုံရသောအခါ
တရားမပြည့်စုံကြသေးသော ပုဂ္ဂိုလ်တို့သည်
စိုးရိမ်ပူဆွေးခြင်းသောက၊ ငိုကြွေးရခြင်း ပရိဒေဝ၊
ကိုယ်ဆင်းရဲခြင်း ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ
တို့ ဖြစ်ကြရပေသည်။

မကောင်းသည့် လောကဓမ်များကြောင့် ဖြစ်ကြရသည့်
စိုးရိမ်ရခြင်း သောက၊ ငိုကြွေးရခြင်း ပရိဒေဝ၊
ကိုယ်ဆင်းရဲရခြင်းဒုက္ခ၊ စိတ်ဆင်းရဲ ရခြင်း ဒေါမနဿ
တို့မှ လွတ်မြောက်သွားဖို့ရာ၊ ယင်း ဆင်းရဲတို့
ချုပ်ငြိမ်းသွားဖို့ရာ၊ ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းရာ
အမှန် မြတ်နိဗ္ဗာန်သို့ ရောက်သွားဖို့ရာမှာ သတိပဋ္ဌာန်တရား
(၄)ပါးသည် တစ်ကြောင်းတည်းသော အကျင့်လမ်းစဉ်
ဖြစ်ပေသည်။မိမိတို့၏ အားကိုးရာအစစ် ဖြစ်ပေသည်
ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် မိမိတို့၏
အားကိုးရာ အစစ်ဖြစ်သည့် သတိပဋ္ဌာန်တရား (၄)ပါးဖြင့်
ဝိပဿနာတရားကို အချိန်ရသမျှ ပွားများအားထုတ်
နေကြရခြင်း ဖြစ်ပေသည်။

❖သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရားကို
အခြေခံရအောင် ပွားများအားထုတ်ထားကြသော
ပုဂ္ဂိုလ်တို့သည် အကြောင်းအမျိုးမျိုးတို့ကြောင့်
စိုးရိမ်ပူဆွေးမှုသောက ဖြစ်လာသောအခါ
ထို စိုးရိမ်ပူဆွေးမှုသောကဖြစ်နေသော စိတ်ကိုပင်
“စိုးရိမ်တယ်၊ စိုးရိမ်တယ်” ဟု ရှုမှတ်ကြရပေသည်။
ယင်းကဲ့သို့ ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်မှုများ
တဖြည်းဖြည်း သက်သာသွားကာ ပျောက်ကင်း
သွားတာများကို ကိုယ်တိုင် တွေ့သိနိုင်ကြမည်
ဖြစ်ပေသည်။

❖အကြောင်းအမျိုးမျိုးတို့လျှောင့် ငိုကြွေးရသည့် အဖြစ်သို့
ရောက်အောင် ပြင်းထန်သည့် လောကဓမ်တရားများနှင့်
တွေ့ကြုံရ၍ ငိုကြွေး ရသည့်အခါ၊ ထိုငိုကြွေးရသည့်
မျက်လုံးအမူအရာကိုပင် “ငိုတယ်၊ ငိုတယ်”
ဟု ရှုမှတ်ကြရပေသည်။ ယင်းကဲ့သို့ ရှုမှတ်လိုက်သည်
ရှိသော် မိမိ၏ သမာဓိဉာဏ်အားလျော်စွာ ငိုကြွေးမှုများ
တဖြည်းဖြည်း သက်သာပျောက်ကင်းသွားကြတာများကို
ကိုယ်တိုင် တွေ့သိကြရမည် ဖြစ်ပေသည်။

❖အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဆင်းရဲခြင်း
ဒုက္ခများနှင့် တွေ့ရသောအခါ၊ ယင်း ကိုယ်ဆင်းရဲခြင်း
ဒုက္ခဝေဒနာပေါ်၌ စိတ်ကို တည့်တည့်ချ၍
“ဆင်းရဲတယ်၊ ဆင်းရဲတယ်”ဟု ရှုမှတ်ကြရပေသည်။
ယင်းကဲ့သို့ ရှုမှတ်လိုက်သည် ရှိသော် မိမိ၏ သမာဓိ
ဉာဏ်အားလျော်စွာ တဖြည်းဖြည်း သက်သာသွားတာ၊
ပျောက်ကင်းသွားတာများကို ကိုယ်တိုင်
တွေ့သိကြရမည် ဖြစ်ပေသည်။

❖အကြောင်းအမျိုးမျိုးတို့ကြောင့် စိတ်ဆင်းရဲခြင်းများ
ဖြစ်လာသောအခါ ထို စိတ်ဆင်းရဲမူကို သိအောင်
စူးစိုက်၍ “စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်”
ဟူ၍ပင် ရှုမှတ်ကြရပေသည်။ ယင်းကဲ့သို့
ရှုမှတ်လိုက်သည်ရှိသော် မိမိ၏ သမာဓိဉာဏ်
အားလျော်စွာ စိတ်ဆင်းရဲမှုများ တဖြည်းဖြည်း
သက်သာသွားတာ၊ပျောက်ကင်းသွားတာများကို
ကိုယ်တိုင် တွေ့သိကြရမည် ဖြစ်ပေသည်။

သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရားကို
ဆက်ကာ ဆက်ကာ ရှုမှတ်ပွားများ၍ သမာဓိဉာဏ်များ
အားရှိထက်သန်လာသောအခါ သောက၊ ပရိဒေဝ၊
ဒုက္ခ၊ ဒေါမနဿတို့၏ အပြီးတိုင် ချုပ်ငြိမ်းရာ
နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြမည်ဖြစ်ပေသည်။
ထို့ကြောင့် သတိပဋ္ဌာန်တရား (၄)ပါးကို
ပွားများနေခြင်းသည် (ဝါ) သတိပဋ္ဌာန် တရား (၄)ပါးဖြင့်
ဝိပဿနာတရား ပွားများအားထုတ်နေခြင်းသည်
မိမိသည်သာ မိမိ၏အားကိုးရာကို ပြုနေခြင်း ဖြစ်ပေသည်
ဟု ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]


No comments:

Post a Comment